Quantcast
Channel: တတိယမြောက်သမီးတော်
Viewing all 56 articles
Browse latest View live

တဏှာ ။ ဥပါဒါန်

$
0
0
တဏှာသည်  အားနည်းသော လောဘ။
ဥပါဒါန်သည် အားကြီးသော လောဘ။
တဏှာ၏ ဆန့်ကျင်ဘက်သည် အလိုနည်းခြင်း။
ဥပါဒါန်၏ ဆန့်ကျင်ဘက်သည် ရောင့်ရဲခြင်း။

အဘိဓမ္မာမြတ်ဒေသနာမှ


သီလ အကျိုး

$
0
0
အ၀ိပ္ပဋိသာရ၊
ပါမောဇ္ဇ၊
ပီတိ၊
ပဿဒ္ဓိ၊
သုခ၊
သမာဓိ၊
ယထာဘူတ၊
နိဗ္ဗိဒါ၊
ဝိရာဂ၊
ဝိမုတ္တိ။


သီလရှိတော့ စိတ်ကြည်၊
စိတ်ကြည်တော့ ၀မ်းမြောက်၊
ဝမ်းမြောက်တော့ နှစ်သက်၊
နှစ်သက်တော့ ငြိမ်းအေး၊
ငြိမ်းအေးတော့ ချမ်းသာ၊
ချမ်းသာတော့ တည်ကြည်၊
တည်ကြည်တော့ အမြင်မှန်၊
အမြင်မှန်တော့ ငြီးငွေ့ ၊
ငြီးငွေ့ တော့ မဂ်မြင်၊
မဂ်မြင်တော့ ဖိုလ်ရောက်။

တည်တော ဆရာတော်ဘုရားကြီးမှ မြန်မာပြန်ဆိုသည်။

အဖေ့ကိုပြောဖြစ်ခဲ့သော စကားများ။

$
0
0

 လွန်ခဲ့တဲ့ တစ်ပတ်လောက်က အလုပ်နားရင်း အေးအေးလူလူ
အိမ်မှာ ရှိနေချိန် အဖေက ဘာစိတ်ကူးမိတယ် မသိ။
“..မိစီရေ… အဖေ့ကို တရားဟောပါအုံး..”  တဲ့ 

ရုတ်တရက်  အဖေက တောင်းဆိုလာတဲ့အချိန်မှာ ဘယ်လိုတရားမျိုးကို
အဖေကို ပြောရမလဲလို့  စဉ်းစားလို့ မရခဲ့ဘူး။
အဖေက အသက် (၈၀)  မှတ်ဥာဏ်တွေ ပျက်စီးနေပါပြီ။
မှတ်မိတာ ရှိသလို မမှတ်မိတာတွေက အများကြီးပါ။
မှတ်ဥာဏ်တွေပျက်စီးနေပြီဖြစ်တဲ့အဖေ့ကို အကျိုးရှိအောင်
ဘယ်လိုတရားမျိုး ပြောပြရမလဲလို့  သမီးတော်စဉ်းစားခဲ့ရပါတယ်။
ကိလေသာ အမြစ်ဖြတ်ပယ်သတ်နိုင်တဲ့ဥာဏ်စွမ်းအားနည်းနေပြီဖြစ်လို့ 
ခန္ဓာဥာဏ်ရောက်တရားကိုတော့ အဖေ့ကို ပြောပြလို့  ထူးနိုင်တော့မှာ
မဟုတ်တဲ့အတွက် နောက်ဘ၀ အပါယ်လွတ်ဖို့ အရေးတော့  စဉ်းစား
ကြည့်ရပါတယ်။ သုဂတိ လားရောက်နိုင်ဖို့ လောက်တော့ ကြိုးစားကြည့်ရ
မယ်လို့ စဉ်းစားမိပါတယ်။
“..အဖေက ဘယ်လိုတရားမျိုးနာချင်လို့ လဲ..”လို့  မေးတော့
ပဋိစ္စသမုပ္ပါဒ် အနုလောမ ပါဠိကို ရွတ်ပြပါတယ်
ရွတ်ပြပြီးတော့ အဖေရွတ်တာ မှန်ရဲ့လား သမီး လို့ မေးပါတယ်။
နောက်ဆုံးတစ်ကြောင်းက ဒုက္ခက္ခန္ဓဿ  ဆိုတဲ့စကားလုံးလေး တစ်လုံး
ကျန်သွားတာကလွဲရင် အဖေ က အားလုံးကိုရွတ်နိုင်တာဖြစ်လို့ 
အဖေ စိတ်ကျေနပ်မှုဖြစ်အောင် မှန်တယ် အဖေလို့ ပြောလိုက်ပါတယ်။
အဖေ့မှာ တရားတွေမေ့ စာတွေမေ့ နေလေတော့  အဖေ ရွတ်တာ
အမှားပါတယ်လို့ ပြောလိုက်ရင် ပိုပြီးအားငယ်သွားမှာ စိုးလို့ ပါ။
တကယ်လည်း စကားလုံးတစ်လုံးပဲ ကျန်တာမို့ လို့  အစကနေ အဆုံးထိလည်း
အားလုံး မှန်မှန်ကန်ကန် ရွတ်သွားတာမို့ လို့  ၀မ်းလည်းသာမိပါတယ်။

သို့ သော် အဖေ့ကို ပိုပြီးအားရှိအောင် သူ့ စိတ်ထဲမှာ တရားနှလုံးသွင်းနိုင်တယ်လို့ 
ယုံကြည်မြတ်နိုးပြီး ကျေနပ်နိုင်အောင် ပြောဖို့ တော့  သမီးတော် ကြံစည်မိပါတယ်။

ဒီနေ့  မနက်မှာတော့ အဖေ့ကိုကြည့်ရတာ ခါတိုင်းပိုပြီး
စိတ်လက်ကြည်သာရှိပုံရတာနဲ့ 
“…အဖေ  တရားအကြောင်း မစဉ်းစားတော့ဘူးလား..” လို့ မေးမိပါတယ်။
အဖေက.. “…ဘာအကြောင်းစဉ်းစားရမှာလဲ..” လို့ မေးတော့
“..ပဋိစ္စသမုပ္ပါဒ်ကို မရွတ်တော့ဘူးလား..” လို့ ပြန်မေးတဲ့အခါ
“..အဖေ  မမှတ်မိတော့ဘူး သမီးရယ်..” တဲ့ 
အဲ့ဒီတော့  သမီးတော်က ပဋိစ္စသမုပ္ပါဒ် အစလေးဖြစ်တဲ့
အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရ   လို့ ရွတ်ဆိုတော့  အဖေက လိုက်ရွတ်တယ်။
“အ၀ိဇ္ဇာဆိုတာ  ဘာကိုပြောတာလဲ အဖေ…”  လို့  မေးတော့
“..အ၀ိဇ္ဇာဆိုတာ  မသိတာကို ပြောတာ..”
“…ဟုတ်ပြီ အဖေ  အ၀ိဇ္ဇာ ဆိုတာ မသိတာကိုပြောတာ..ဘာကို မသိတာလဲ ..”လို့ 
မေးတော့  အဖေက  မသိဘူးတဲ့ ။
“…အ၀ိဇ္ဇာ ဆိုတာ သစ္စာလေးပါး မသိတာကို အ၀ိဇ္ဇာလို့ ခေါ်တာ အဖေ…အဖေသိပြီးသားကို
မေ့ သွားတာလား..” လို့ မေးတော့  “အေး ဟုတ်တယ်  အဖေ မေ့ နေတာ”… တဲ့ ။
“..ဒါဆို  ခုမှတ်မိပြီလား  သစ္စာလေးပါးကို အဖေ ဆိုကြည့်ပါအုံး…” လို့  ဆိုတော့
သစ္စာလေးပါးကို အစဉ်အတိုင်းမဟုတ်ပဲ ကပေါက်တိ ကပေါက်ချာလေး  လေးပါးစလုံး
ပြည့်အောင်တော့ ရွတ်ပြပါတယ်။
“…ရပြီ အဖေ…အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရ။ အ၀ိဇ္ဇာဆိုတဲ့ သစ္စာလေးပါး မသိခြင်းကြောင့်
သင်္ခါရ သုံးမျိုးကို လုပ်ကြတယ်တဲ့ ။ အဲ့ဒီ သင်္ခါရ သုံးမျိုးကို အဖေ မှတ်မိလား..” ဆိုတော့
“..အဖေ မသိဘူး..” တဲ့ .။
“..အဖေ သိပါတယ်  မေ့ နေလို့ ဖြစ်မှာပါ   ပုညာဘိ သင်္ခါရ ရယ်  အပုညာဘိ သင်္ခါရ ရယ်
အာနဉ္စာဘိ သင်္ခါရ ရယ် သုံးမျိုးလေ..”
“ မသိဘူး..နင့်ဘာနင် သိရင် နင်ဘာနင်နေပါ့လား ငါ့ကို ဘာလို့ လာမေးနေတာလဲ..”တဲ့ 
“…အဖေ့ကို တရားတွေ မှတ်မိအောင် ပြန်နွှေးပေးတာလေ  အဖေ တရားသိဖို့ လိုတယ်မလား
အဖေ့ အတွက်  သမီးက ပြောပေးနေတာ…”လို့ ဆိုတော့မှ
“..အေး  အဖေ  မမှတ်မိတော့ဘူး..” တဲ့ 
မမှတ်တော့ဘူးဆိုတော့ တခြားအကြောင်းအရာတစ်ခုကိုပဲ ပြောဖို့  ကြိုးစားရပါတယ်။
“…သင်္ခါရကြောင့်  ၀ိဥာဏ် နာမ်ရုပ်တွေ ဖြစ်တယ် ဆိုတာ အဖေ သိတယ်နော်
ဝိဥာဏ်ဆိုတာ အသိစိတ်ကို ခေါ်တာ  နာမ်ရုပ်ဆိုတာကိုလည်း အဖေ မှတ်ထားနော်
ငါ ဆိုတာ မရှိဘူး ။ ငါ့ ခန္ဓာ ဆိုတာ မရှိဘူး  နာမ်နဲ့ ရုပ်ပဲ ရှိတယ်   အဖေ  ပဉ္စဂ္ဂ လင်မယား
အကြောင်းကို ကြားဖူးလား…”
“..မကြားဖူးဘူး သမီး…”
“..အဖေ  မကြားဖူးရင် သမီးပြောပြမယ်နော်….ကဿပ ဘုရားရှင်
လက်ထက်က ပဉ္စဂ္ဂ လင်မယားဟာ လင်မယားတွေဖြစ်ခဲ့တယ်
ကဿပ ဘုရားရှင်က သက်တမ်းရှည်တဲ့ ကာလ မှာ ဘုရားဖြစ်တာ ဆိုတော့
လေးလ မှ တစ်ကြိမ်ပဲ တရားဟောတယ်။ ဘုရားရှင်ရဲ့ လေးလ တစ်ကြိမ်တရားပွဲကို
သူတို့ လင်မယားက မသွားနိုင်ဘူးတဲ့။ တရားနာပြီးပြန်လာတဲ့ သူတွေက လမ်းသွားရင်း
ဘုရားက တရားဟောတာ ငါ ငါ့ခန္ဓာ ဆိုတာ မရှိဘူး ယောက်ျားမိန်းမ မရှိဘူး။
နာမ်နဲ့ရုပ်ပဲ ရှိတာတဲ့  လို့  ပြောကြတာကို မိန်းမ ဖြစ်သူက ကြားပြီး ယောက်ျားကို
ပြောပြတော့  ယောက်ျားဖြစ်သူက  ဘုရားက ဟောတာပဲကွာ ဟုတ်မှာပေါ့လို့ 
ဒီလိုလေးယုံကြည်လိုက်တာ။ အဲ့ဒီ ယုံကြည်တဲ့ စိတ်ကလေးတစ်ခုက အကျိုးပေးလိုက်တာ
ကဿပ ဘုရားရှင်နဲ့ ဂေါတမ ဘုရားရှင်  ဘုရားနှစ်ဆူ အကြား  လူ့ ပြည်နတ်ပြည်
စုံချည် ဆန်ချည် ကျင်လည်ရတယ်တဲ့ ။ သဒ္ဓါရဲ့ အထောက်အပံ့  နဲ့  အပါယ် မလားဘူးတဲ့ ။
ခု ဂေါတမ မြတ်စွာဘုရားပွင့်တော်မူတဲ့အခါမှာတော့ ဘုရားရှင်ကိုယ်တော်တိုင်
ပဉ္စဂ္ဂ လင်မယား အိမ်ကိုကြွသွားတယ်။ အဲ့ဒီ အချိန်မှာ ပဉ္စဂ္ဂ လင်မယားဟာ
ထမင်းစားနေတယ်။ယောက်ျားဖြစ်သူက  အိမ် အ၀င်ပေါက်ကို ကျောပေးပြီး ထိုင်နေတယ်။
မိန်းမ ဖြစ်သူက အိမ်အ၀င်ပေါက်ဘက် မျက်နှာမူပြီးထိုင်နေတယ်။
ဘုရားရှင် အိမ်ရှေ့ မှာ ရပ်တော်မူတာကို မိန်းမ ဖြစ်သူက မြင်တော့  သူ့ ယောက်ျား
စားလက်စ ထမင်းကို လှုလိုက်ရင် ပြန်ချက်နေရမှာစိုးတာနဲ့  ယောက်ျားမသိအောင်
ဘုရားရှင်ကိုမောင်းထုတ်တယ်။ ဘုရားရှင်က ပြန်ကြွတော်မမူပဲ ရပ်မြဲရပ်နေတော့
မိန်းမ ဖြစ်သူက အသံထွက်ပြီး ရယ်(ရီ)တယ်။ အဲ့လိုရယ်တော့ ယောက်ျားက နောက်လှည့်ကြည့်
ရာမှာ မြတ်စွာဘုရားကိုမြင်ပြီး မေးလျှောက်တယ်။ အရှင်ဘုရား   အရှင်ဘုရားတို့ က စားကြွင်းကို
အလှုခံကောင်းပါရဲ့လားလို့ မေးလျှောက်တော့…မြတ်စွာဘုရားက  ပုဏ္ဏားကြီး ငါဘုရားနှင့်တကွ
ငါဘုရား၏ သားတော် ရဟန်းများသည်  စားဦးကိုလည်း အလှုခံကောင်းတယ်။ စားလယ်ကိုလည်း
အလှုခံကောင်းတယ်။ စားကြွင်းကိုလည်း အလှုခံကောင်းတယ်။  လို့  ဒီလိုလည်းပြောလိုက်ရော
ပုဏ္ဏားကြီးက သူ စားလက်စ ထမင်းကို ဘုရားရှင်ကိုလောင်းလှုလိုက်တယ်။
ဘုရားရှင်က ဆွမ်းဘုန်းပေးတော်မူပြီးတော့ တရားဟောလိုက်တာ  လင်မယားနှစ်ယောက်စလုံး
အနာဂါမ်တည်သွားတယ်တဲ့ ။   အဲ့တော့ အဖေ လည်း  ငါဆိုတာ မရှိဘူး ငါ့ ခန္ဓာ ဆိုတာ မရှိဘူး
နာမ်နဲ့ ရုပ် ပဲ ရှိတယ် လို့   ဒီလိုလေး ဆင်ခြင်ပြီးနေပါ။
သတိရရင် ရသလို  အ၀ိဇ္ဖာဆိုတာ မသိတာကိုခေါ်တယ်
ဘာကိုမသိတာလဲ ဆိုတော့  သစ္စာ လေးပါးကိုမသိတာ   အဲ့ဒီ သစ္စာလေးပါးက ဘာလဲ
ဆိုတော့ ဒုက္ခသစ္စာ။  သမုဒယ သစ္စာ။ နိရောဓသစ္စာ။  မဂ္ဂ သစ္စာ။  လို့ ဒီလိုလေး တွေးပြီး စဉ်းစားပြီး
မှတ်ပြီးနေပါ  ဒါဆိုရင် အဖေ အပါယ် ရောက်စရာ အကြောင်းမရှိတော့ဘူး။ တခြား အကြောင်းပြော
ရင်လည်းအဖေ မမှတ်မိတော့ဘူးမလား။…”
“..အေး ဟုတ်တယ်  သမီးရယ်  အဖေက မမှတ်မိတော့ဘူး…ငါ့သမီးက  ခုလိုပြောပြလို့ 
အဖေ ကျေးဇူးတင်ပါတယ်  သမီးရယ်။ အဖေ ဘာမှ စဉ်းစားလို့ မရတော့ဘူး။
သမီးပြောပြတာကိုပဲ အဖေ မှတ်ထားပါ့မယ်။…ငါ ဆိုတာ မရှိဘူး။ ငါ့ ခန္ဓာ ဆိုတာ မရှိဘူး။
နာမ်နဲ့ရုပ်ပဲ ရှိတယ်။  အဖေ အဲ့လိုမှတ်ပါ့မယ်  ငါ့သမီးကို ကျေးဇူးတင်ပါတယ်။”

အဖေက ကျေးဇူးတင်စကားအထပ်ထပ်ပြောရှာပါတယ်။
တကယ်တော့  သမီးတော်တို့ ဘာသာရေးနဲ့ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်ခဲ့တာ
အဖေ့ကြောင့်ပါ။ ဟိုးငယ်ငယ်ကတည်းက  ၀ိသာခါ အကြောင်း  အနာထပိဏ်
အကြောင်း စသည်ဖြင့်  အရိယာပုဂ္ဂိုလ်များအကြောင်းကို အခါအားလျှော်စွာ
ပြောပြခဲ့တဲ့သူက အဖေဖြစ်ပါတယ်။ ဘယ်နှကြိမ်ပဲ ပြောပြော မငြီးငွေ့ စတမ်းလည်း
နားထောင်ဖြစ်ခဲ့ပါတယ်။ အလွန်ပဲ နှစ်သက်ကြည်ညိုခဲ့ရတဲ့အကြောင်းလေးတွေပါ။
ခုတော့  အဖေ့ ကို ပြန်ပြီးကျေးဇူးဆပ်နေရပါပြီ။ တမလွန်ဟာ  အဖေ့ အတွက်
အပါယ်လေးဘုံ မဖြစ်ဖို့ အရေး  အချိန်ရရင် ရသလို  အဲ့ဒီလို ဗုဒ္ဓ၀င်လေးတွေပြောပြ
ရပါအုံးမယ်။

ဒီနေရာမှာ  တရားချစ်ခင် သူတော်စင်များကို ထပ်ဖြည့်ပြီး ရေးသားဖေါ်ပြချင်ပါတယ်။
ပဉ္စဂ္ဂ လင်မယားမှာ လင်ယောက်ျားဖြစ်သူက ငါးခုသော အဦးတို့ ကို လှုတတ်သူဖြစ်ပါတယ်။
ရိတ်သိမ်းပြီးစ လယ်ဦးကိုလှုတယ်။
တလင်းနယ်တဲ့အခါ တလင်းဦးကိုလှုတယ်။
နောက် တလင်းဘဏ္ဍာဦးကို လှုတယ်။
ထမင်းအိုးမှာချက်တဲ့အခါ ထမင်းအိုးဦးကိုလှုတယ်။
ခွက်မှာ ထမင်းခူးတဲ့အခါ ခွက်ဦးကိုလှုတယ်။ တဲ့ 
ဒါကြောင့် သူ့ကို ပဉ္စဂ္ဂ ဒါယကာလို့ ခေါ်ပါတယ်တဲ့ ။
အဲ့ဒီလို လှုဒါန်းခြင်းလုပ်လွန်းတဲ့အတွက် ဘုရားရှင် ကြွလာတော့
မယားဖြစ်သူက  သူ့ ယောက်ျားဟာ  အလှု ခံလာရင် မလှုပဲနေမှာ မဟုတ်မှန်း
သိလို့   လှုလိုက်ရင် သူပြန်ပြီးချက်ရမှာစိုးလို့  ဘုရားရှင်ကို မောင်းထုတ်တာပဲ
ဖြစ်ပါတယ်။

ဘုရားရှင် ကိုယ်တော်မြတ်က စားဦး စားလယ် စားကြွင်းကို အလှုခံရာမှာ
တချို့  အဋ္ဌကထာ ဆရားများက သူတောင်းစားလိုပဲ  အလှုခံကောင်းတယ်လို့ 
ဖွင့်ဆိုကြပြီး တချို့ ဆရာများကတော့  ပြိတ္တာ လိုပဲ  လို့  အဓိပ္ပါယ်ဖွင့်ဆိုတာ
တွေ့ ရပါတယ်။ စားဦး စားလယ် စားကြွင်းတွေကို အလှုခံရာမှာ  နိမ့်ချပြီး နှိုင်းယှဉ်
မိန့် တော်မူခဲ့တာပါ။မာန်မာန မရှိတဲ့ နိဝါတ သဘောထားဟာ ကြည်ညိုဖွယ်ရာ
ကောင်းလွန်းလှပါတယ်။  မာန ကြီးသူနဲ့  မိမိ ကိုယ်ကို နှိမ့်ချတတ်သူဟာ
ဘယ်သူက ပိုပြီးလေးစားစရာ ကြည်ညိုစရာကောင်းတယ်ဆိုတာလေးလည်း
မိမိကိုယ်ကို ဆင်ခြင်ဖွယ်ရာ ရစေပါတယ်။ ဘုရားရှင်က ငါဘုရားကို အဦးအမွန်သာ
လှုကောင်းတယ်လို့ များ မိန့် တော်မူခဲ့ရင် ပဉ္စဂ္ဂ လင်မယားလည်း ဆွမ်းလောင်း
ဖြစ်တော့မှာမဟုတ်သလို ကြည်ညိုခြင်းတွေလည်း အားနည်းသွားနိုင်ပါတယ်။
ခုတော့ ဘုရားရှင်က သူတောင်းစားလို  ပြိတ္တာလို ပဲ  စားဦးသော်၎င်း။
စားလယ် သော်၎င်း။ စားကြွင်းသော်၎င်း  အလှုခံကောင်းတယ်လို့ ဆိုတော့
ကြည်ညိုလွန်းတဲ့စိတ်နဲ့ ပဲ ဆွမ်းကိုလောင်းလှုလိုက်ပြီး ဘုရားရှင်ကို ကြည်ညိုခြင်းဆိုတဲ့
စိတ်ကလေး ကြည်လင်နေတဲ့အချိန်မှာ ဘုရားရှင်က တရားတော်ကို ဟောကြားလိုက်တော့
နားက တရားနာရင်း ဥာဏ်က ခန္ဓာ လှည့်လိုက်တာ တရားတော်အဆုံးမှာပဲ
လင်မယားနှစ်ယောက်လုံး  အနာဂါမ် တည်သွားကြပါတယ်။
…………………..

ဒါန သီလ တို့ ဖြင့် မိမိ ကိုယ်ကို စင်ကြယ်စေလျှက်
ဘုရား တရားသံဃာတည်း ဟူသော ရတနာမြတ်သုံးပါးတို့ အပေါ်တွင်
ယုံကြည်သဒ္ဓါပြည့်စုံကြသည်ဖြစ်၍ အပါယ်တံခါးပိတ်ကာ
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြခြင်းသည် ဖြစ်ကြပါစေ။


                      *****တတိယမြောက်သမီးတော်*****

ဒုက္ခသည်

$
0
0

ခင်ဗျားတို့  ဆုတောင်းတွေ ပြည့်နေကြတယ်လို့ မှတ်ပါ..။

*မိုးကုတ် ဆရာတော်ဘုရားကြီး*
…………..

ခင်ဗျားတို့ က ဈေးသည် ဈေးရောင်းကောင်းလို့  လက်မလည်တာကို
သွားအားကျနေကြတယ်။ဟိုမှာဖြင့် ထမင်းတောင် ဖြောင့်ဖြောင့်မစားရလို့ 
အလုပ်တွေ တလစပ်လုပ်နေရလို့  လျှာထွက်နေတာကို ခင်ဗျားတို့ မမြင်ဘူး။

*မိုးကုတ်ဆရာတော်ဘုရားကြီး*
………

သူ့ တဏှာ လိုရာပြည့်ပါလျှက်
ပြုံးပျော်ကာ မော်မကြွားနိုင်ဘူး။
ဝယ်သူကို မာန်ကာမဲလေတော့
ပြုံးမိတယ်လေး။

(တတိယမြောက်သမီးတော်)

..............................
အမေ နဲ့ အတူ ဈေးဝယ်သွားရင်း ပြုံးခဲ့ရတဲ့အဖြစ်ကလေးတခုကို တင်ပြချင်ပါတယ်။
အမေ က မနက်ဆိုရင် ပုဗ္ဗာရုံကျောင်းတိုက်က အာရုံဆွမ်းအတွက် ဆွမ်းခံကြွလာရင်
ဆွမ်းလောင်းပါတယ်။ နေ့ ဆွမ်းအတွက်ကျတော့ အာသံကျောင်းတိုက်ကို ဆွမ်းအိုး
တည်ပါတယ်။ဆွမ်းအိုးကိုတော့ ကိုရင်လေးတွေက လာကောက်တာပေါ့။

တနင်္ဂနွေဆိုရင် အချိန်လည်းကောင်းကောင်းရတာနဲ့  အမေ နဲ့အတူ ဈေးဝယ်လေ့ရှိပါတယ်။
တပတ်မှ တခါလောက် ဈေးကိုသွားပြီး ဆွမ်းဟင်းအတွက် စိတ်တိုင်းကျ အမေက ၀ယ်
လေ့ရှိပါတယ်။  ဒီတပတ်တော့ အမေက ငါးဝယ်မယ်ဆိုပြီး ငါးသည် ဆီမှာ ငါးကို ဘယ်
လောက်ဈေးလည်း စသဖြင့် မေးတာပေါ့။ ဟိုငါးကျတော့ ဘယ်လောက်ဈေးလဲ။ ဒီငါးကျတော့
ဘယ်လောက်ဈေးလဲ နဲ့  အမေ ကမေးတဲ့အခါ ဈေးသည်က စိတ်မရှည်တဲ့လေသံနဲ့ ဖြေ
ပါတယ်။ ခါတိုင်းလည်း သူ့ ဆီမှာပဲ အလေးမှန်ဈေးမှန်မို့ ဝယ်နေကျပါ။ ဈေးသည်ရဲ့
သားလား မောင်လား တော့ မသိပါဘူး။ အရွယ်လတ် အမျိုးသားတစ်ယောက်
ရောက်လာပြီး တခုခုပြောပုံရပါတယ်။သမီးတော်လည်းကောင်းကောင်းတော့ မကြားလိုက်
မိဘူးရှင်။ဈေးသည်မမ ကြီး ဒေါနဲ့မောနဲ့ ပြန်ပြောတာပဲ ကြားမိတယ်။
ငါ ဒီမှာ မအားတာမတွေ့ ဘူးလား။ တမနက်လုံး မနားတမ်းလုပ်နေရတာ
ငါသေတော့မယ်။ ငါ့ ကို လာမခိုင်းစမ်းနဲ့ ။  တဲ့ 

ဒီအချိန်မှာပဲ တခြားဈေးဝယ်တစ်ယောက်က ကြက်ဝယ်ဖို့ လာမေးပြန်ပါတယ်။
ခေါင်း သုံးခေါင်းကို ဒေါက်ကနဲ ဒေါက်ကနဲ့  ခုတ်ဖြတ်ပေးလိုက်ပြီးတော့
နောက်ထပ် ကြက်သားထပ်ယူဖို့ ဈေးမေးတာမှာ ကျမ မရောင်းနိုင်တော့ဘူး။
တခြားမှာသာ သွားဝယ်လိုက်ပါတော့လို့  ပင်ပန်းနွမ်းလျစွာ ဆိုပါတယ်။
ဝယ်ချင်တဲ့သူကလည်း ပြီးမှ ပြန်လာခဲ့မယ်လို့ ပြောပြီး ဈေးသည်ကို ပြုံးစိစိ
ကြည့်ပြီး ထွက်သွားပါတယ်။ ပြီးတော့ အမေ့ အတွက် ငါးခုတ်ပေးတယ်။
ငါးခုတ်ပြီး ချိန်ပြီးတော့ ငါးရဲ့အမြီးပိုင်းလေးတခုကို အဆစ်အပို အဖြစ် ကောက်
ထည့်ပေးတယ်။ ဒီမှာ အမေ က အဲ့ဒီ အမြီးပိုင်းအစား ဗိုက်သားလေးထည့်ပေးပါ
လို့  တောင်းဆိုရော။ ဈေးသည်က စိတ်မရှည်နေတဲ့သူဆိုတော့ အဲ့ဒီ အမြီးက
အဆစ်ထည့်ပေးတာ မယူချင်လည်းမယူနဲ့  ဗိုက်သားတော့ ထည့်မပေးနိုင်ဘူးလို့ 
မာဆတ်ဆတ် ပြန်အော်ရင်း အမြီးပိုင်းလေးကို  ဆွဲထုတ်ပစ်ပါတယ်။
သမီးတော် ရီနေမိသလို ဈေးသည်ရဲ့မောင်လား သားလား မသိတဲ့
သူကလည်း ရီပါတယ်။ အမေလည်း ပြံးစိစိနဲ့ (ကဲပါ ဗိုက်သားမပေးလည်းနေပါ
အဲ့ဒီ အမြီးလေးပဲ ပြန်ထည့်ပေးလိုက်ပါ ကြောင်လေးတွေ ကျွေးရအောင်လို့  )လို့ 
ပြောတော့ ဈေးသည်က အမြီးကို နှစ်ခု ပြန်ပြီး ကောက်ထည့်ပေးပါတယ်။
လူက စိတ်ပင်ပန်းပြီး ဒေါသဖြစ်နေပေမယ့် သူ့ ရဲ့ စေတနာ ကတော့ တွန့်ဆုတ်ခြင်း
ဝန်တိုခြင်းမရှိခဲ့ပဲ တိုးလို့ သာ ပိုထည့်ပေးခဲ့ပါသေးတယ်။
ငါးဝယ်ပြီး ဈေးတန်းဆက်လျှောက်ရင်း သမီးတော် အမေ့ ကို စကားတစ်ခွန်းတော့
ပြောမိပါတယ်။ “ငါး သည်ကတော့ ဈေးရောင်းကောင်းလွန်းလို့  တော်တော် ဒုက္ခ ရောက်
နေပုံရပါတယ်”  လို့ ဆိုတော့ အမေ က ရီပါတယ်။

ဈေးသည်က စိတ်တိုပြီး အော်နေ ငေါက်နေပေမယ့် ဘယ်သူမှ သူ့ ကို ပြန်ပြီး
စိတ်မဆိုးကြပဲ ပြုံးစိစိလေး ခွင့်လွှတ်ခဲ့ကြတာဟာ အင်မတန်နှစ်လိုဖွယ်ကောင်း
လှတယ်လို့  တွေးမိပါတယ်။ သမီးတော်တို့ နေတဲ့မြို့ က ကျဉ်းကျဉ်းလေးပါ။
တစ်ယောက်နဲ့ တစ်ယောက် မရင်းနှီးလည်း မျက်မှန်းတော့ တန်းမိတတ်ကြပါတယ်။
ဘယ်သူ့ဆီမှာ ဈေးမှန်ပြီး ဘယ်သူ့ဆီက လတ်ဆတ်တယ် ၀ယ်လို့ ပိုကောင်းတယ်
ဆိုတာလည်း သိဖို့ လွယ်ပါတယ်။ ၀ယ်လို့ ကောင်းပြီးဈေးမှန်တဲ့အတွက်ကြောင့်
ဒီဈေးသည်ဆီမှာ အများစုက ၀ယ်ကြပါတယ်။ တနင်္ဂနွေဆိုရင် စစ်တပ်တွေက
ဈေးကားတွေနဲ့လာဝယ်တတ်ကြလို့  ပိုပြီးလည်းရောင်းကောင်းပါတယ်။
လက်မလည်အောင်ရောင်းရလို့ လည်း ဈေးသည်ခမျာ ပင်ပန်းနေရှာတာပါ။

အလျင်းသင့်လို့ သမီးတော်တို့ မြို့အကြောင်းလေးပြောပြချင်ပါသေးတယ်။
တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးရင်လည်း နင်ပဲ ငဆ အော်ကြီးဟစ်ကျယ်
နုတ်ဆက်တတ်တဲ့သူတွေလည်းရှိပါတယ်။ ဘယ်သူ ဘယ်လိုစရိုက် ဘယ်လိုအကျင့်နဲ့ 
ဘယ်လိုစကားမျိုးပြောတတ်တယ်ဆိုတာ သိပြီးသားမို့  အပြောခံရတဲ့သူကလည်း
စိတ်မဆိုးပဲ ခပ်ပြုံးပြုံးသာ တုံ့ပြန်တတ်ကြပါတယ်။ လဖက်ရည်ဆိုင် ခေါက်ဆွဲဆိုင်
သွားတဲ့အခါ ဆိုင်ရှင်တွေက အလုပ်သမား များများစားစားခေါ်ထားလေ့မရှိတော့
လူကျတဲ့အချိန်မျိုးဖြစ်ရင် ကိုယ်စားမယ့် သောက်မယ့် ပန်းကန်ကို ကိုယ်ထူ ကိုယ်ထ
စနစ်နဲ့  ပြင်ဆင်ပေးတဲ့နေရာထိ ထယူတတ်ကြပါတယ်။ ဆိုင်ရှင်နဲ့အရမ်းရင်းနှီးရင်တော့
စားဖို့ သောက်ဖို့ သွားရင်း စားပွဲထိုးကူလုပ်ပေးတတ်ကြပါတယ်။ အဲ့ဒီအတွက်ကို
ကိုယ်စားတဲ့ စားသောက်စရိတ် မပေးပဲ လည်း မထားသလို ဆိုင်ရှင်ကလည်းမယူပဲ
မနေပါဘူး။ ကူညီတာကို တန်ဖိုးဖြတ်တာမျိုး မလုပ်သလို ကူညီတာ အကြောင်းပြပြီး
လည်း အခွင့်အရေးမယူကြပါဘူး။ တစ်ယောက်က ဒေါသ ထွက်နေတဲ့အချိန်မှာ
နောက်တစ်ယောက်လိုက်ဒေါသထွက်ပြီး ရန်ဖြစ်တာမျိုးမရှိပဲ။ သူ တခုခု အဆင်မပြေ
ဖြစ်နေတာလို့ တွေးပြီး ခွင့်လွှတ်ပေးကြ။နားလည်ပေးကြတဲ့အတွက် အင်မတန်မှ
နှစ်လိုဖွယ်ရာဖြစ်ပါတယ်။ မြင့်မြတ်တဲ့စိတ်ထားရှိသူများနေထိုင်ရာ မင်္ဂလာရှိသောမြို့ လို့ 
ကင်ပွန်းတပ်ရင် အမွှန်းတင်လွန်းရာ ဖြစ်မယ် မထင်ပါဘူးရှင်။

ဈေးသည်ရဲ့ အဖြစ်ကလေးကို  မြင်တွေ့ပြီး သမီးတော် ချက်ချင်းပဲ
 တွေးမိသွားလို့  အထက်ပါ ကဗျာလေးကို စိတ်တွင်းက ရွတ်မိသွားတာပါ။
မိုးကုတ်ဆရာတော်ဘုရားကြီးပြောသလိုဆုတောင်းတွေပြည့်နေတာ ဈေးသည်ပါပဲ။
ဈေးရောင်းတဲ့သူတစ်ယောက်ကဈေးရောင်းလို့ မကောင်းပါစေနဲ့လို့ 
ဘယ်သူကမှ ဆုတောင်းမှာ မဟုတ်ပါဘူး။ဈေးရောင်းကောင်းပါစေလို့ ဆုတောင်းမှာပါပဲ။
ခု ဒီဈေးသည်ဟာ ဆုတောင်းတွေပြည့်လို့ ဈေးရောင်းကောင်းခဲ့တာပါ။
ဆုတောင်းတွေ ပြည့်ပေမယ့် သူ့ မှာ မပျော်နိုင်ရှာဘူး။
ကိုယ့်ဆုတောင်းနဲ့ ကိုယ် ဒုက္ခ ရောက်နေရှာသူပါ။ အသက်အရွယ်ကြောင့်လား
ကျန်းမာရေးကြောင့်လားမသိပေမယ့် တော်တော်ကြီးကို ပင်ပန်းနေမှန်းသိသာလှပါတယ်။
ကိုယ့်ဆုတောင်းနဲ့ကိုယ့်ပြည့်တော့ ကိုယ့်ဒုက္ခနဲ့ကိုယ်ခံရတယ်လို့  ဆိုရတော့မှာပေါ့ရှင်။
ဆုတောင်းတွေ ပြည့်တဲ့အခါ တကယ်မပျော်နိုင်ပဲ ဒုက္ခ ရောက်ကြတယ်ဆိုတာလေး
သမီးတော် မြင်မိသမျှ တွေးမိသမျှ ရေးသားခြင်းသာဖြစ်ပါတယ်။
  
တဏှာနဲ့တောင်းတဲ့ဆု တကယ်ပြည့်တော့
ဒုက္ခသာလျှင် စင်စစ်မို့  မပျော်နိုင်ကြပါတကား။




                      *****တတိယမြောက်သမီးတော်*****

ဝဋ်

$
0
0



ဓာန အမည်ရှိသော မထေရ် သည် ရှင်ရဟန်းပြုသောနေ့မှစ၍ 
နောက်ပါး၌ မိန်းမ တစ်ဦးသည်ထင်ရှားစွာ ရှိနေတတ်၏။ ထို့ကြောင့်
ထိုမထေရ်အားကောဏ္ဍဓာန မထေရ်ဟုမှည့်ခေါ်ကြ၏။
(ကောဏ္ဍ+ဓာန=လူစတုံးသော+ဓာန မထေရ်ဟူလို)

ရဟန်းတို့ သည်
မထေရ် အား ထိုအခြင်းအရာဖြင့်သွားလာသည်ကို မြင်ရလျှင် အနာထပိဏ်
သူဋ္ဌေးကြီးအား ကျောင်းမှ ထိုမထေရ်အားနှင်ထုတ်စေ၏။သီလ မရှိသော
ရဟန်းကြောင့် ကြွင်းသော ရဟန်းတို့ ကိုအကျော်အစောမဲ့စေသည်ဟုဆို၏။
သူဋ္ဌေးကြီးက ဘုရားရှင် သိတော်မူပါလိမ့်မည် ဟုလျှောက်ထား၏။
တဖန် ရဟန်းတို့ သည်  ၀ိသာခါ အား ပြောကြားကြကုန်၏။
ဝိသာခါလည်း  ထိုရဟန်းတို့ အား ရှေးအတူသာ စကားတုံ့ပေးလေ၏။

ရဟန်းတို့ သည် အနာထပိဏ်နှင့် ၀ိသာခါတို့ ကို ပြောမရသဖြင့်
ကောသလ မင်းကြီးအား ပြောကြားကြကုန်၏။ 
ကောသလမင်းကြီးသည် ညချမ်းအချိန်ခါ၌ မထေရ်နေသော ကျောင်းတိုက်သို့ 
ယောက်ျားများကို ၀န်းရံစေလျှက် မထေရ်အား ဖမ်းယူရန် အတွက်ရှေးရှု၏။
မထေရ်သည် လူသံများကိုကြားရလျှင် ကျောင်းမှထွက်၍
ကျောင်းဦး၌ ရပ်နေ၏။ မထေရ်၏ နောက်ပါး၌ တည်သော
ထိုမိန်းမ ကို ကောသလမင်းကြီးသည် မြင်ရ၏။ မထေရ်သည်
ကောသလမင်းကြီးလာသည်ကို သိသဖြင့် ကျောင်းပေါ်တက်လျက်နေ၏။
ကောသလမင်းကြီးသည် မထေရ်ကို ရှိမခိုး ထိုမိန်းမကိုလည်းမမြင်။
မင်းကြီးသည် တံခါးအကြား၌၎င်း။ ညောင်စောင်း၌၎င်း။ မမြင်ရ၍
မထေရ်အား မေးလျှောက်၏။ မထေရ်က  ငါမမြင် ဟုဆိုလျင်
မင်းကြီးသည် အလုံးစုံသောအရပ်မှ ကြည့်ရှုပြန်သော်လည်း မမြင်
ရသောကြောင့်  ထိုမိန်းမသည် အတုအပ ရုပ်သာလျှင်ဖြစ်သည်ဟု
ဆုံးဖြတ်ချက်ချလျှက် မထေရ်ကို ဤသို့လျှောက်၏။ ဤသို့ အရှင်ဘုရား
နောက်မှ အညစ်အကြေးလိုက်နေသည်ရှိသော် တစ်စုံတစ်ယောက်မှ
ဆွမ်းလှုဒါန်းမည် မဟုတ်။ အမြဲမပြတ် တပည့်တော်၏ နန်းတော်သို့
ဝင်တော်မူပါဘုရား။  ပစ္စည်းလေးပါးတို့ ဖြင့် လုပ်ကျွေးပါမည်ဘုရားဟု
မထေရ်အား ပင့်ဖိတ်လျှောက်ထား၏။

ရဟန်းတို့ သည် မင်းကြီးက မထေရ်အားမောင်းထုတ်ခြင်းမပြုပဲ ပစ္စည်းလေးပါး
တို့ဖြင့် ဖိတ်ကြားသည်ကိုကဲ့ရဲ့ကြကုန်လျှက်  မြတ်စွာဘုရားရှင်အား
လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် မထေရ်အား ခေါ်တော်မူစေ၍
အကြောင်းစုံကိုသိသည်ရှိသော် မထေရ်၏ ရှေးက ပြုဖူးသော မကောင်းမှုကံ
ကြောင့်ဖြစ်သည်ကို ရဟန်းတို့ အား မိန့် တော်မူလေသည်။
++++++++
ကဿပ ဘုရားရှင် လက်ထက်တော်အခါက အလွန်တရာ ညီညွတ်ကြသော
ရဟန်း နှစ်ပါးသည်ရှိ၏။ တာဝတိံသာနတ်ပြည်မှ နတ်သားတစ်ယောက်သည်
ရဟန်းတို့ကို ကွဲပြားစေခြင်းငှာ ကြံစည်ပြီးလျှင်……
ဥပုပ်ပြုရန်အတွက် ခရီးအတူထွက်လာကြကုန်သော ရဟန်း နှစ်ပါးတွင်
တစ်ပါးသောရဟန်းသည် ခရီးတစ်ထောက်၌ ကိုယ်လက်သုတ်သင်ရန် ချုံတစ်ခု
တွင်းသို့  ၀င်၏။ ပြန်ထွက်လာသောအခါ မိန်းမအသွင်ဖန်ဆင်းထားသောနတ်သား
သည် ဆံပင်တိုကို၎င်း။ထမီကို၎င်း။ ဖေးဖေးမမ ပြုပြင်လျှက် မထေရ်၏ နောက်မှ
ထွက်လာ၏။ကိုယ်လက်သုတ်သင်သော ရဟန်းသည် ထိုမိန်းမကို မမြင်။
ဆိုင်းငံလျက် စောင့်နေသော ရဟန်းသည် ထိုမိန်းမကိုမြင်၍
“..ငါ့ရှင်…သင်၏ သီလသည် ပျက်ခဲ့ပြီ ..” ဟု ဆိုလေ၏
“..ငါ့အား ဤ သို့ သဘောရှိသော သီလပျက်ခြင်းဟူသည် မရှိရပါတကား..”
ဟုဆိုသော်လည်း ဆိုင်းငံသောရဟန်းသည် မယုံကြည်သောကြောင့် တခြားစီ
တစ်ကွဲစီ ဖဲသွားလေ၏။

နောက်မှ ထိုနတ်သားသည် ငါပြုသောအမှုသည် ၀န်လေးလှ၏တကားဟု
ကြံစည်၍  ဆိုင်းငံသော ရဟန်းအား  တပည့်တော်သည်ကား စူးစမ်းခြင်း
၏သဘောဖြင့် ဤအမှုကိုပြုမိပါသည်ဟု လျှောက်ထားတောင်းပန်လေ၏။
ထိုနတ်သားသည် အသက်ကုန်ဆုံးသောအခါ အ၀ီိစိ ငရဲ၌ ဖြစ်ရရှာ၍ နှစ်ဆူ
သောဘုရားရှင်တို့ ၏ အကြားကာလပတ်လုံး ထိုအ၀ီစိ၌ ကျက်ပြီးမှ
ဤ ဂေါတမ မြတ်စွာဘုရားရှင် ပွင့်တော်မူသောအခါ သာဝတ္ထိပြည်တွင်
လူဖြစ်၍ ရဟန်း ပဉ္ဇင်း အဖြစ်ကို ရလေ၏။
++++++++++
ဤ မကောင်းမှုကံကို အမှီပြု၍  ဤ ဖောက်ပြန်သောအခြင်းအရာသို့
ရောက်ရ၏။ ဟု ဆုံးမတော်မူလျှက် မြတ်စွာဘုရားရှင်သည်
ဂါထာ တစ်ပုဒ်ကို မိန့် တော်မူ၏။

ဒေသနာတော် အဆုံး၌ များစွာသောသူတို့ သည် သောတာပတ္တိဖိုလ်
စသည်သို့ ရောက်ကြကုန်၏။ ကောဏ္ဍဓာန မထေရ်သည် မြတ်စွာဘုရား
ပေးသနားတော်မူသော အဆုံးအမ သြ၀ါဒ၌တည်၍ ရဟန္တာ အဖြစ်သို့ 
ရောက်တော်မူလေ၏။ မကြာမြင့်မီ ကောင်းကင်သို့ ပျံတက်၍ ရှေးဦးစွာ
စာရေးတံကိုခံယူလေ၏။

 ရှေးဦးစွာ စာရေးတံ ယူသူတို့တွင် အတော်ဆုံးဟု
ဘုရားရှင်က ဧတဒဂ် ပေးတော်မူ၏။

ကျမ်းကိုး။   ။ အရှင်ဓမ္မသာမီဘိဝံသ စီရင်တော်မူသော ပုံတော်စုံ ဓမ္မပဒ ၀တ္ထုတော်ကြီး။



စနောက် ရည်မှန်
စိတ်အားသန်၍
ပြုမှု ကိစ္စ မများလှလည်း
အပ္ပါယ် ငရဲ မလွဲမသွေ
ရောက်မြဲသာတည့်။
ဝဋ်ကြွေးတုံ့တင်ရှိပါလျှင်လည်း
မဂ် နှင့်ချေဖျက်
နိဗ္ဗာန် တက်က
သံသရာဝဋ်
လွတ် ရမည် မလွဲ။


                        *****တတိယမြောက်သမီးတော်*****

အဆင့်

$
0
0

မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ကိုယ်သာနာ၍ စိတ်မနာပါစေနှင့်  တရားတော်ကို
နာကြားရပြီး ဒီတရားလေးကို ပြန်လည်မျှဝေမယ်လို့  တွေးမိပါတယ်။


တရားတော်ကိုနာကြားစဉ်က နားလည်သဘောပေါက်တယ်ဆိုတဲ့အတွေးနဲ့
သမီးတော်နားလည်သဘောပေါက်ထားသလိုလေးပြန်လည်မျှဝေဖို့ပါပဲ။
ဒါပေမယ့် တကယ်တမ်း စာလုံးတွေအဖြစ် ရေးမယ် လုပ်တဲ့အခါ ဘယ်က စပြီး
ရေးရမလဲဆိုတာ စဉ်းစားလို့ မရပါဘူး။ အကယ်၍ ဆရာတော်ဘုရားကြီး ဟောကြား
ထားတာကို ၏သည် မရွေး အကုန် စကားတစ်လုံးမကျန် စာလုံးတွေအဖြစ်
ရေးသားတင်ပြရင်တော့ ဖြစ်နိုင်ပေမယ့် သမီးတော်က  ကိုယ်နားလည်ထားသလိုလေး
တင်ပြဖို့ စိတ်ကူးတာဖြစ်တဲ့အတွက် ဘယ်လိုစရေးရမလဲဆိုတာ စဉ်းစားမရ
ဖြစ်ခဲ့တာပါ။

ဆရာတော်ဘုရားကြီးရဲ့ တရားတော်ကို နားလည်သလိုလေးတင်ပြဖို့ ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်မှန်းလည်း ကိုယ့်ကိုကိုယ် တွေးမိရပါတယ်။
ဘာကြောင့် အဲ့ဒီလို ဖြစ်ရတာလဲ။
တရားနာစဉ်က နားလည်တယ် သဘောပေါက်တယ်လို့ ထင်ရပေမယ့်
တကယ်နားမလည်လို့  သဘောမပေါက်လို့ သာဖြစ်ပါတယ်။
သာမာန် တရားမဟုတ်တဲ့အတွက် အင်မတန် ဥာဏ်ကြီးတဲ့သူမှ
တကယ်နားလည်ဘောပေါက်နိုင်မှာပါ။ ဆရာတော်ဘုရားကြီးကိုယ်တိုင်ကလည်း
နားကြီးကြီးနဲ့နာပါလို့  အကြိမ်ကြိမ် သတိပေးတာကို နာကြားခဲ့ရပါတယ်။
ဥာဏ်ရည်မြင့်ပြီး အားကောင်းတဲ့သူ ထက်မြက်တဲ့သူမှသာ တကယ်နားလည်
သဘောပေါက်နိုင်မှာဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးက နားလည်သဘောပေါက်
အောင် သေသေချာချာ ဟောပြောခဲ့လို့  နာကြားစဉ်က နားလည်တယ်လို့
ထင်ခဲ့ပေမယ့် တကယ်တမ်းပြန်စဉ်းစားကြည့်ရင် ဘယ်က စမှန်းမသိတာကိုက
တကယ်နားမလည်လို့   တကယ်သဘောမပေါက်လို့ ဆိုတာ ထင်ရှားလှပါတယ်။
တကယ့်တကယ်မှာတော့ သမီးတော်တို့ လို ဥာဏ်ရည်ဥာဏ်သွေး လောက်နဲ့
ဆရာတော်ဘုရားကြီးရဲ့ တရားတော်ကိုနာကြားတဲ့အခါမှာ နားလည်သလိုလို
သဘောပေါက်သလိုလို ရှိရုံလောက်သာပါပဲ။  ထဲထဲဝင်ဝင် တိတိကျကျ နားလည်
သဘောပေါက်ခြင်းမျိုးလုံးဝ မဟုတ်ပါဘူး။

ငယ်စဉ်ကတည်းက ပုံပြင်လို ဒဏ္ဍာရီလိုဇာတ်လမ်းလေးတွေကို နားထောင်
ခဲ့ဖူးကြပြီး တဆင့်ပြန်ပြောနိုင်ကြတယ်။အဲ့ဒီလိုပြန်ပြောနိုင်တယ်ဆိုတာ
နားလည်လို့ သဘောပေါက်လို့ ပြန်ပြောနိုင်တာပါ။ တစ်ခါပြောတာကြားရုံနဲ့
ပြန်ပြောပြနိုင်ကြပါတယ်။ နားလည်ဖို့လည်းလွယ်ကူတာကိုး။

သစ္စာတရားများကြတော့ နာကြားရစဉ်က နားလည်တယ် ထင်ရပေမယ့်
တကယ်တမ်းပြန်ပြောစတမ်းဆိုရင် ဘယ်သူမှ သဘောပေါက်အောင်ပြန်
မပြောနိုင်ပါဘူး။ တကယ်နားကြီးကြီးနဲ့နာပြီး ဥာဏ်ကြီးတဲ့သူမှသာ
နာကြားရသမျှကို တစ်ကြိမ်တည်းနဲ့ ပြန်ပြောနိုင်ဟောနိုင်မှာဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီးက တရားတော်များဟောကြားတဲ့အခါမှာ ခန္ဓာပေါ်ဥာဏ်
ရောက်အောင်ဟောတော်မူတာပါ။ခန္ဓာမှာ ကိလေသာ အညစ်အကြေးတွေ
စွန်းပေနေတာကိုသိအောင်ဟောတယ်။ အဲ့ဒီအညစ်အကြေးတွေ ပေနေတာကို
ရွံ့ရှာလာအောင်ဟောတယ်။ ခန္ဓာကြီးဟာ ကိုယ်ပိုင်ကိုယ်ဆိုင် မဟုတ်တဲ့အတွက်
ကိုယ်ပိုင်ကိုယ်ဆိုင် အသိအမြင်ကနေ ရုန်းထွက်နိုင်အောင်ဟောတယ်။
ကိလေသာ အညစ်အကြေးတွေကို  ဖယ်ရှားချင်လာအောင်ဟောတယ်။
ဖယ်ရှားချင်စိတ်ဖြစ်ပေါ်အောင်လည်း အညစ်အကြေးတွေရဲ့ အပြစ်ကိုမြင်အောင်
ဟောပါတယ်။

ဆီချေး တွေ စွန်းပေနေတဲ့ အ၀တ်စကို ဖြူစင်အောင်လျှော်ဖွပ်ပြီးမှ
မိမိလိုရာကို ဆေးဆိုးပန်းရိုက်လုပ်ရသလို  ဆရာတော်ဘုရားကြီးဟာ
ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ သားတော်ကြီးပီသစွာ သစ္စာတရားတွေကို
တရားနာပရိတ်သတ်ရဲ့ နှလုံးသားထဲထိ ရောက်အောင် ဆွဲငင်ခေါ်ဆောင်ပြီး
တရားဒါန ပြုခဲ့တာပါ။ ဆရာတော်ဘုရားကြီးရဲ့ တရားတော်များကို
တကယ်နားလည်သဘောပေါက်ခဲ့ရင် ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးကို
သိမြင်ပြီးကြည်ညိုမြတ်နိုး မဆုံးဖြစ်ရသလို  အနှိုင်းမဲ့ကျေးဇူးရှင် မြတ်စွာဘုရားရဲ့
ဂုဏ်အင်ဆိုတာ  အတိုင်းအဆ မရှိအောင် ကြည်ညိုမြတ်နိုးခြင်းဖြစ်ရပါတယ်။

သမီးတော်တို့ ရဲ့သာမာန်ဥာဏ်ရည်ဥာဏ်သွေးလောက်က ဆရာတော်ဘုရားကြီးရဲ့
ဥာဏ်ကိုမမှီတဲ့အတွက် နားလည်သလိုလိုရှိတဲ့တရားတစ်ပုဒ်ကို တရားချစ်ခင်သူတော်ကောင်း
များဆီ ပြန်လည်မျှဝေနိုင်စွမ်းမရှိခဲ့ပါဘူး။ သမီးတော်ရဲ့ဆရာဘုန်းဘုရားဖြစ်တဲ့
ဓမ္မရံသီ ဆရာတော်ဘုရား ဟောတဲ့တရားထဲကနေတော့သမီးတော်ဥာဏ်မှီရာလေးတွေကို
ပြန်လည်ပြီး မျှဝေမှုပြုနိုင်ခဲ့ပါတယ်။ သို့ သော် တရားအပုဒ်တိုင်းတော့ မဟုတ်ခဲ့ပါဘူး။
တချို့ သော တရားတော်များကိုသာ နားလည်သဘောပေါက်တဲ့အတိုင်းပြန်လည်မျှဝေ
နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဓမ္မရံသီ ဆရာတော်ဆိုတာ လူဗြိန်းတွေ နားလည်သဘောပေါက်
အောင်ကို အတတ်နိုင်ဆုံး အရှင်းဆုံး စကားလုံးတွေနဲ့ ဟောပြော သွန်သင် ဆုံးမတော်မူတာ
ဖြစ်ပါတယ်။ပဋိစ္စသမုပ္ပါဒ်  ကိုဘာမှန်းမသိတဲ့သူတွေပါ နားလည်အောင် ရှင်းပြတာပါ။
မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့တရားတော်များကိုတော့ ပဋိစ္စသမုပ္ပါဒ်မှ မလေ့လာထားရင်
မသင်ယူထားရင် ဘယ်လိုမှ နားမလည်နိုင်ဘူးလို့ ဆိုချင်ပါတယ်။ နက်နဲလွန်းမြင့်လွန်းတဲ့
အတွက်ကြောင့် နားကြီးတဲ့သူ ဥာဏ်ကြီးတဲ့သူ အဓိက အကျဆုံးဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်
ကိုလေ့လာသင်ယူထားတဲ့သူသာ နားလည်ပြီး သဘောပေါက်နိုင်မှာပါ။

တချို့ ကြုံခဲ့ဖူးပါတယ်။ တို့ က မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်ကိုပဲ
နာချင်တယ်တဲ့။ တခြားဆရာတော်တွေရဲ့တရားကိုနာရရင် ပေါ့တယ်လို့ ဆိုပါတယ်။
ပဋိစ္စသမုပ္ပါဒ်ကို နားလည်ထားပြီလား သင်ထားပြီးပြီလားလို့ မေးတော့ မသင်ဖူးပါဘူးတဲ့။
မသင်ဖူးပေမယ့် ဆရာတော်ကြီးတရားတွေကို နာနိုင်တယ်။ သဘောပေါက်တယ်တဲ့ ။
သမီးတော်  ပါးစပ် အဟောင်းသားနဲ့ နားထောင်ခဲ့ပါတယ်။ တကယ်အံ့သြလို့ ပါ။
အဲ့ဒီလိုပြောတဲ့သူဟာ တကယ်နားလည်လို့ လည်းဖြစ်နိုင်သလို တကယ်နားမလည်ပဲနဲ့
လူအထင်ကြီးအောင်ပြောတာလည်းဖြစ်နိုင်ပါတယ်။ဖြစ်နိုင်ခြေရှိတာကို
တွေးမိရုံပါ။ ဘယ်သူ ဘာလဲလို့ တော့ မဝေဖန်ရဲပါဘူး။ ဝေဖန်မိတဲ့သူက
အရိယာဖြစ်နေခဲ့သည်ရှိသော် အရိယူပ၀ါဒအန္တရာယ်သင့်မှာလည်းကြောက်
ရပါသေးတယ်။ ကိုယ်ဥာဏ်မမှီတိုင်း သူများတွေလည်း မမှီနိုင်ဘူးလို့ တော့
ယူဆလို့ မှ မရတာနော်။

သမီးတော်ကတော့ တရားဆိုရင် ဘယ်ဆရာတော်က ဟောတာပဲ ဖြစ်ဖြစ်
နာကြားပါတယ် မှတ်သားပါတယ်။ မိမိ မနာဖူးသေးတဲ့တရားကို အသစ်ဖြစ်လို့ 
နာကြားမှတ်သားသလို ။ နာဖူးပြီးသားတရားကိုလည်း မိမိ မှတ်မိသိရှိတာတွေ
ပိုပြီးပြည့်စုံအောင် နာကြားမှတ်သားပါတယ်။ ဟင်းလျာများကို သုံးဆောင်သလိုပေါ့ရှင်။
ဘယ်ဟင်းလျာမဆို အမွန်အမြတ် စီမံထားရင် သုံးဆောင်မှီဝဲဖို့ သင့်လျော်ပါတယ်။
သုံးဆောင်ဖူးပြီးသားဟင်းလျာမို့ လို့ မသုံးဆောင်တော့ဘူးဆိုတာမျိုး မရှိပါဘူး။
ဥပမာ။ ချဉ်ရည်ဟင်းဆိုပါစို့ ။ ဒီချဉ်ရည် ကို အရင်က သုံးဆောင်ခဲ့ဖူးပြီးသားမို့ 
သူ့ အရသာဘယ်လိုရှိမယ်ဆိုတာသိပြီးသား ပေမယ့် ခုတစ်ခါချက်တဲ့အခြေအနေမှာ
အရင်တစ်ခါနဲ့မတူတဲ့ချက်နည်းမျိုးရှိနိုင်ပါတယ်။ချဉ်ဟင်းချက်တဲ့အခါ ငပိထဲ့ပြီး
ဆားလေးနဲ့ချက်တာ ရှိနိုင်သလို။ ပုဇွန်ခြောက် ၊ပဲငံပြာရည် ထဲ့ပြီးချက်တာလည်း
ရှိနိုင်ပါတယ်။ ထည့်တဲ့အစာပလာပေါ်မူတည်ပြီး အရသာ ပြောင်းလဲမှုရှိပါတယ်။
အစာပလာထည့်တာချင်းတူပေမယ့်လည်း ထည့်တဲ့အနည်းအများပေါ်မူတည်ပြီး
တော့လည်း အရသာပြောင်းလဲမှုရှိနိုင်ပါတယ်။ အရသာချင်းတူနေစေအုံးတော့
သန့်ရှင်းပြီး စားချင်စဖွယ်ဖြစ်အောင်ချက်ထားတဲ့ဟင်းတိုင်းဟာ ဘယ်နှကြိမ်စားစား
စားကောင်းပါတယ်။မိမိကိုယ်ခန္ဓာကြံ့ခိုင်မှုကိုအထောက်အပံ့ဖြစ်စေပါတယ်။

အရသာတကာ့ အရသာထဲမှာ တရားအရသာဟာ အမြတ်ဆုံးလို့ 
ဆိုထားတဲ့အတွက်ကြောင့် အင်မတန်မွန်မြတ်ပြီး မြင့်မြတ်သော တန်ဖိုး
ရှိသော အနှိုင်းမဲ့ ကျေးဇူးရှင်မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ရဲ့တရား
တော်များကို နာကြားမှတ်သားရခြင်းမှာ မနာကြားချင်တော့ဘူးလို့ ဆိုရ
လောက်အောင် ငြီးငွေ့ စရာမရှိပါဘူး။နာကြားရသည့်အခါတိုင်း မြတ်နိုး
ကြည်ညိုခဲ့ရသည်ချည်းသာဖြစ်ပါတယ်။

ဒါကြောင့်မို့ ဘယ်ဆရာတော်ကပဲဟောဟော အင်မတန်မွန်မြတ်တဲ့
တရားတော်များကို လေးမြတ်ကြည်ညိုစွာ နာကြားမှတ်သားနိုင်ဖို့ လိုပါတယ်။
တရားရဲ့အရသာကို မှီဝဲသုံးဆောင်ခြင်းက နိဗ္ဗာန်သွားဖို့  ခွန်အားတွေပဲ
မဟုတ်ပါလားရှင်။

မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့တရားမှ နာမယ်။ တခြားဆရာတော်များရဲ့
တရားက ပေါ့တယ်လို့ မယူဆစေချင်ပါဘူး။ မိမိဟာ အရိယာတစ်ပါးဖြစ်ခဲ့ပြီလား။
အရိယာတစ်ပါးဖြစ်ခဲ့ပြီ ဆိုစေဦးတော့ ရဟန္တာကိုယ်တော်မြတ်ကြီးဟောတဲ့
တရားကိုပဲ တရားလို့ မှတ်ပြီး နာတော့မလား။ တခြားဆရာတော်များဟောတော်မူ
တာကို တရားမဟုတ်သလိုမျိုး ပြောရဲဖို့ သင့်ပါရဲ့လား။ တခြားဆရာတော်များ
ဟောကြားတာကိုနာကြားတဲ့သူက အဆင့်မမှီလို့ ပဲ နာကြားတဲ့သူတွေလို့ 
သတ်မှတ်စရာများဖြစ်ခဲ့ပြီလား။ မိမိ အဆင့်ကို မိမိသာလျှင် အသိဆုံးပဲ ဖြစ်ပါတယ်။
ဘုရားရှင်ကိုယ်တော်တိုင်ဟောကြားတော်မူတဲ့တရားမှန်လျှင် မည်သည့်ဆရာတော်က
ဟောသည်ဖြစ်စေ လေးမြတ်စွာနာကြားတတ်ဖို့ လိုအပ်လှပါတယ်။

စစ်မှန်တဲ့သစ္စာတရားမှန်သမျှ လေးစားမြတ်နိုးစွာ နာကြားမှတ်သားပါ။
နိဗ္ဗာန်သို့ရောက်အောင်သွားရာလမ်းမှာ လိုအပ်တဲ့ခွန်အားတွေဖြစ်စေမယ့်
အင်မတန် မွန်မြတ်တဲ့   အဟာရတွေ ဖြစ်လို့  နှစ်နှစ်ခြိုက်ခြိုက်
မှီဝဲသုံးဆောင်သင့်ပါတယ်။

သို့ သော်  စစ်မှန်သော သစ္စာတရားဖြစ်ဖို့ တော့ လိုပါတယ်။
စစ်မှန်သောသစ္စာတရားလို့ ထင်ယောင်ထင်မှားဖြစ်စေတဲ့ အဓမ္မတရားတွေကို
ဆည်းကပ်မိရင်တော့ဖြင့်  သံသရာမှာ အန္တရာယ်ကြီးစွာကြုံရအုံးမှာပါပဲ။

စစ်မှန်သော သစ္စာတရား ဟုတ်သည်မဟုတ်သည်ကိုသိဖို့ ရာမှာတော့
မိမိရဲ့ လေ့လာမှု ။ ဥာဏ်ရည်ဥာဏ်သွေး နဲ့ ဆရာကောင်းသမားကောင်း
ရွေးချယ်မှုက အဓိက အကျဆုံးဖြစ်ပါလိမ့်မယ်။

စစ်မှန်သောသစ္စာတရားများကို နာကြားမှတ်သားရသည်ဖြစ်၍
နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ကြသူများ ဖြစ်ကြပါစေ။



*****တတိယမြောက်သမီးတော်*****

ပထမ ကြီးပွားကြောင်းတရား (၇)ပါး။

$
0
0

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ရှင်အာနန္ဒာအား
ရာဇဂြိုလ်ပြည်ကို အမှီပြု၍နေသော ရဟန်းအားလုံးကို ဓမ္မာရုံ၌
စုဝေးစေလော့ဟု မိန့်တော်မူ၏။  ရှင်အာနန္ဒာ မထေရ်သည်
ဝေးသောကျောင်း၌ နေသောရဟန်းတို့ထံတန်ခိုးရှင်ရဟန်း
တို့ ကိုစေလွှတ်၍၎င်း။ နီးသောကျောင်း၌နေသောရဟန်းတို့ထံ
ကိုယ်တိုင်သွားရောက်၍၎င်း။  မြတ်စွာဘုရားသည် အရှင်တို့၏
စည်းဝေးခြင်းကို အလိုရှိတော်မူ၏ ဟု လျှောက်ထားကာ ဓမ္မာရုံ၌
စည်းဝေးစေပြီးလျှင် မြတ်စွာဘုရားရှင်ထံတော်မှောက် ၀ပ်လျိုး ရှိခိုးကာ
ရဟန်းအားလုံးစုဝေးမိပါပြီ ကြွတော်မူရန် အချိန်ကိုသိတော်မူပါဘုရား
(ကြွရန်မှာ ရှင်တော်ဘုရား၏ အလိုတော်အတိုင်းဖြစ်ပါသည်)ဟု
လျှောက်ထားလေ၏။


မြတ်စွာဘုရားသည် ဓမ္မာရုံသို့ကြွတော်မူ၍ ခင်းထားအပ်သောနေရာ၌
ထိုင်တော်မူလျှက်………….ဤ ဆိုလတ္တံ့သော  (အပရိဟာနိယ)
ကြီးပွားကြောင်းတရား ခုနှစ်ပါးကို ဟောကြားတော်မူ၏။

(၁)ရဟန်းတို့ …ရဟန်းတို့သည် မကြာမကြာစည်းဝေးကြလျှက်
အကြိမ်များစွာ စည်းဝေးနေကြသမျှကာလပတ်လုံး ရဟန်းတို့ အဖို့ ရာ
ကြီးပွားရန်သာရှိပေ၏။ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

(၂) ရဟန်းတို့ …ရဟန်းတို့သည် အညီအညွတ်စည်းဝေးကုန်လျှက်
အညီအညွတ်စည်းဝေးမှထကြလျှက် သံဃ ကိစ္စကိုအညီအညွတ်
ဆောင်ရွက်နေကြသမျှ ကာလပတ်လုံး ရဟန်းတို့ အဖို့ ရာ
ကြီးပွားရန်သာရှိပေ၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

(၃) ရဟန်းတို့ …ရဟန်းတို့သည် ဘုရားရှင်မပညတ်ခဲ့သောအရာကို
 မပညတ်ကြပဲ ဘုရားရှင်ပညတ်ပြီးသောအရာကို မပယ်ဖျက်ပဲ
ဘုရားရှင်ပညတ်ထားသမျှသော သိက္ခာပုဒ်တို့ ကို ကောင်းစွာ
ဆောက်တည်၍ ကျင့်နေကြသမျှ ကာလပတ်လုံး ရဟန်းတို့ အဖို့ ရာ
ကြီးပွားရန်သာရှိပေ၏။ဆုတ်ယုတ်ရန် အလျှင်းမရှိပေ။

(၄) ရဟန်းတို့ …ရဟန်းတို့သည် ရဟန်းဝါရင့်ကုန်လျှက် ရဟန်းသက်
ကြီးကြသည့် သံဃဦးစီး မထေရ်ကြီး ရဟန်းတို့ ကို အရိုအသေပြုကုန်လျှက်
အလေးပြုကုန်လျှက် မြတ်နိုးကုန်လျှက် ပူဇော်ကုန်လျှက် ထိုမထေရ်ကြီး
တို့ ၏ စကားကိုလည်း နာယူသင့်သည်ဟု ထင်မှတ်လျှက် နေကြသမျှ
ကာလပတ်လုံး  ရဟန်းတို့ အဖို့ ရာ ကြီးပွားရန်သာရှိပေ၏။ ဆုတ်ယုတ်ရန်
အလျှင်းမရှိပေ။

(၅) ရဟန်းတို့ …ရဟန်းတို့သည် ဖြစ်ပေါ်လာသော တဖန် ဘ၀သစ်
အကျိုးပေးတတ်သည့်တဏှာ၏ အလိုသို့  မလိုက်ကြသမျှ ကာလ
ပတ်လုံး ရဟန်းတို့ အဖို့ ရာ ကြီးပွားရန်သာရှိပေ၏။ ဆုတ်ယုတ်ရန်
အလျှင်းမရှိပေ။

(၆) ရဟန်းတို့ …ရဟန်းတို့သည် တောကျောင်းတို့ ၌ (နေထိုင်ရန်)
လိုလားသောစိတ်ရှိနေကြသမျှ ကာလပတ်လုံး ရဟန်းတို့ အဖို့ ရာ
ကြီးပွားရန်သာရှိပေ၏။ ဆုတ်ယုတ်ရန်အလျှင်းမရှိပေ။

(၇) ရဟန်းတို့ …ရဟန်းတို့သည် မရောက်လာကုန်သေးသော
သီလကို ချစ်မြတ်နိုးကြသည့် သီတင်းသုံးဖေါ်တို့  ရောက်လာကြခြင်းငှါ၊
ရောက်လာကုန်ပြီးသော သီလကို ချစ်မြတ်နိုးကြသည့် သီတင်းသုံး
ဖေါ်တို့  ချမ်းသာစွာနေကြရခြင်းငှါ  ကိုယ်စီ ကိုငှ သတိပြုနေသမျှ
ကာလပတ်လုံး ရဟန်းတို့ အဖို့ ရာ ကြီးပွားရန်သာရှိပေ၏။
ဆုတ်ယုတ်ရန်အလျှင်းမရှိပေ။

ရဟန်းတို့ ….ဤကြီးပွားကြောင်း  (=အပရိဟာနိယ)
တရား ခုနှစ်ပါးတို့ သည် ရဟန်းတို့ ၌တည်နေကြ၍ ရဟန်းတို့ 
သည်လည်း ဤကြီးပွားကြောင်းတရား ခုနှစ်ပါးတို့ကို ကျင့်သုံး
နေကြသမျှ ကာလပတ်လုံး  ရဟန်းတို့ အဖို့ ရာ ကြီးပွားရန်သာ
ရှိပေ၏။ ဆုတ်ယုတ်ရန်အလျှင်းမရှိပေ။  ….ဟု  မြတ်စွာဘုရားသည်
မိန့်တော်မူ၏။
…………………………
(၁)မကြာမကြာစည်းဝေးကြလျှင်ကား  ထိုထိုသတင်းစကားကို
ကြားသိကြရသောကြောင့် ရဟန်းသံဃာများကို  စေလွှတ်ကာ
သိမ်ကိုဖြောင့်မတ်အောင်ပြုလုပ်ကြကာ  ဥပုပ် ပ၀ါရဏာကံ
စသည်တို့ကို ဖြစ်စေနိုင်ကုန်၏။မိစ္ဆာဇီဝမှုဖြင့် အသက်မွေးကြသည့်
ရဟန်းယုတ်များပေါများရာ အရပ်၌ အရိယာ သာဝက ရဟန်းတော်တို့ 
ကိုစေလွှတ်၍ အရိယ၀ံသ တရားစကားကို ဟောကြားစေနိုင်ကုန်၏။
ရဟန်းယုတ်များကို ၀ိနည်းဓုရ် အရှင်မြတ်များကိုစေလွှတ်၍ နှိပ်ကွပ်
စေနိုင်ကုန်၏။ ရဟန်းယုတ်တို့ သည်လည်း  ရဟန်းသံဃာသည်
မမေ့မလျော့ချေ။  ငါတို့ သည် အသင်းအပင်းဖွဲ့ကာ လှည့်လည်ရန်
မစွမ်းနိုင်ကြကုန်။ ဟု ပြောဆိုကြကာ အစုခွဲ၍ ကစဥ့်ကရဲ ပြေးသွား
ကြရလေကုန်၏။ဤသို့ ဖြတ်လတ်သော် ရဟန်းတို့ အဖို့ ရာ
သိက္ခာ သုံးပါး ကြီးပွားလေတော့၏။

(၂)ကြံစည်ဆွေးနေး စည်းဝေးကြပြီး ပြုသင့်သမျှကို ပြုလုပ်ကြပြီးနောက်
တပေါင်းတည်း(တပြိုင်နက်) အစည်းအဝေးပြုရာဌါနမှ မထကြလျှင်
အညီအညွတ် အစည်းအဝေးမှ ထကြသည်မမည်။ ဤကဲ့သို့ မညီမညွတ်
တချို့က ထ၍ တချို့က ချန်နေရစ်ခဲ့ကြလျှင် အလျှင်လက်ဦးထ၍
သွားကြသော ရဟန်းတို့ ၏ စိတ်သန္တာန်ဝယ်  ငါတို့ သည် အရေးမကြီးသည့်
အပြင်အပ စကားမျှကိုသာ ကြားခဲ့ရကုန်၏။ ငါတို့ ထလာပြီးနောက်
ယခုအခါမှ အရေးကြီးသည့်အဆုံးအဖြတ်စကား ဖြစ်ရစ်တော့မည် ဟု
စိတ်ဝမ်းကွဲပြားဖွယ် အကြံမှား အစည်မှား အထင်မှား အမြင်မှား ဖြစ်တတ်သည်။
တိုင်ပင်ဆွေးနွေး စည်းဝေး၍ ပြီးလျှင် အားလုံး တညီတညွတ်တည်း
စည်းဝေးရာဌါန ခန်းမ ဆောင်မှ ထွက်ကြထကြမှသာ အညီအညွတ်
စည်းဝေးမှ ထကြသည်မည်၏။

(၃)တရားနှင့်မညီသော ကတိက၀တ် အသစ်ကိုသော်၎င်း၊
သိက္ခာပုဒ် အသစ်ကိုသော်၎င်း။ ထားကြဖွဲ့ကြလျှင် ဘုရားရှင်
မပညတ်ခဲ့သောအရာကို ပညတ်ကြသည်မည်၏။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် အနှစ်တစ်ရာ
မြောက်ဝယ် ဝေသာလီပြည်သား ၀ဇ္ဇီပုတ္တက ရဟန်းများကဲ့သို့ 
ဘုရားရှင်၏ ပညတ်ချက်သိက္ခာပုဒ်ကို ပယ်ဖျက်ကာ အဓမ္မ ၀တ္ထု
၁၀- ပါးကိုပြခြင်း စသည့်အမှု ပြုလုပ်ကြလျှင် ဘုရားရှင်ပညတ်ပြီးသော
အရာကို ပယ်ဖျက်ကြသည်မည်၏။

(၄)သံဃဦးစီး မထေရ်ကြီး ရဟန်းတို့ ကို အရိုအသေမှု စသည်
ပြုကြ၍ ထိုမထေရ်ကြီးတို့ ထံ အဆုံးအမ ခံယူရန် တနေ့လျှင်
၂-ကြိမ် ၃-ကြိမ် ဆည်းကပ်ကြသောရဟန်းတို့ အား ထိုမထေရ်ကြီး
တို့ သည် အဆုံးအမ သြ၀ါဒကို ပေးကြကုန်၏။ ဆရာစဉ်ဆက်
ဆင်းသက်လာသော တရားစကားကိုဟောကြားကြကုန်၏။ အနှစ်
သာရဖြစ်သော လက်ဆုပ်တရားများကိုလည်း သင်ကြား၍ ပေးကြ
ကုန်၏။ ဓုတင် တစ်ဆယ့်သုံးပါး ကထာဝတ္ထု ဆယ်ပါးတို့ ဖြင့် ကံမြစ်
ကြကုန်၏။ ထိုရဟန်းတို့ သည် ထိုမထေရ်ကြီးတို့ ၏  အဆုံးအမ
သြ၀ါဒ၌ တည်ကြ၍  သီလ အစရှိသောဂုဏ်ကျေးဇူးတို့ ဖြင့်
ကြီးပွားကြကုန်လျှက် အရိယ ဖိုလ်တည်းဟူသော ရဟန်းပြုရ
ကျိုးသို့  ရောက်ဆိုက်ကြရကုန်၏။

(၅)ပစ္စည်းလေးပါး ရလိုမှုကြောင့် ဒါယကာတို့ နောက်သို့  ဖ၀ါးခြေထပ်
လိုက်ပါလျှင်  ထိုရဟန်းတို့ အဖို့ ရာ သီလ စသော ဂုဏ်ကျေးဇူးတို့ 
ဆုတ်ယုတ်ကြကုန်၏။ ထိုသို့ တဏှာ၏ အလိုသို့  မလိုက်ပါကြလျှင်
သီလ စသော ဂုဏ်ကျေးဇူးကို ပွားတိုးစည်ပင်ကုန်၏။

(၆)တောကျောင်းများ၌ နေထိုင်ရန် လိုလားတောင့်တမှု ရှိရမည်ဟု
ဆိုလိုသည်။ မြို့ရွာနှင့် နီးကပ်သော ကျောင်းများ၌ ဈာန်ကိုဝင်စား၍
နေသော်လည်း ထိုဈာန်မှ ထလျှင်  မိန်းမသံ  ယောက်ျားသံ ကလေးသံ
စသည်ကိုကြားနေရ၏။ ယင်းသို့ ကြားနေရခြင်းကြောင့် ထိုရဟန်း၏
အဖို့ ရာ  ရရှိပြီးသော လောကီ ဈာန်တရားများသည် လျောကျပျက်စီး
ဆုံးရှုံးလေ၏။ ဤသို့လျှင် မြတ်စွာဘုရားရှင်သည် မြို့ရွာနီးသော
ကျောင်း၌ ဈာန်ဝင်စား၍ နေသော ရဟန်းထက်  တောကျောင်းဝယ်
အိပ်၍ နေသော ရဟန်းကို ချီးမွမ်းတော်မူ၏။

(၇) သီလကို ချစ်မြတ်နိုးသော အရှင်သူမြတ်တို့  မိမိတို့  ကျောင်းတိုက်သို့ 
လာရောက်မှုကို အလိုမရှိကြသော်  ထိုကျောင်းတိုက်သည် အခြားလဇ္ဇီ
ရဟန်းတို့ ၏  မနေထိုင်ရာသာဖြစ်လေ၏။ ထိုအခါ ကျောင်းနေအာဝါသိက
ရဟန်းတို့ သည်လဇ္ဇီသီလ၀န် အရှင်မွန် အရှင်မြတ်တို့ ကို ဖူးမြော်ခွင့်မရကြ
ကုန်ရကား မိမိတို့ ၏ ယုံမှားသံသယကို ပယ်ဖျောက်နိုင်မှုကို၎င်း။
ကိုယ့်ကျင့်သိက္ခာကို သင်ကြားပြသပေးမည့် ဆရာကောင်းကို၎င်း။
ချိုမြိန်သော တရားစကား နာကြားရခြင်းကို၎င်း။ အလျှင်းပင် မရကြတော့ကုန်။
ထိုကျောင်းနေ အာဝါသိက ရဟန်းတို့ အဖို့ ရာ မသင်ကြားရသေးသောတရားကို
သင်ကြားရမှု၊ သင်ကြားပြီးသော တရားကို ရွတ်ပွားသရဇ္ဈာယ်မှု ဟူ၍
အလျှင်းပင် မရှိတော့ရကား  သီလ စသော ဂုဏ်ကျေးဇူးတို့ သည်
တနေ့တခြား လျော့ပါး ဆုတ်ယုတ်လေကုန်၏။

သီတင်းသုံးဖေါ်  လဇ္ဇီရဟန်းကောင်းတို့ မိမိတို့ ကျောင်းသို့ 
လာရောက်ခြင်းကို အလိုရှိကြ တောင့်တကြသော  ကျောင်းနေ
အာဝါသိက  ရဟန်းတို့ သည်ကား သဒ္ဓါတရား ကြီးမားသူများ
ရတနာသုံးပါး၌ ကြည်ညိုသူများဖြစ်ကြ၏။ အာဂန္တုက ရဟန်းသည်
ဝိနည်းဓိုရ် ရဟန်းဖြစ်ခဲ့လျှင် ထိုရဟန်း၏ အထံ၌ ၀ိနည်းကို သင်ကြား
သရဇ္ဈာယ်ကြကုန်၏။ သုတ္တန်ဆောင်ရဟန်းစသည်ဖြစ်လျှင်လည်း
ထိုထိုတရားစုကိုလည်း သင်ကြားသရဇ္ဈာယ်ကြကုန်၏။ အာဂန္တု
လဇ္ဇီရဟန်းကောင်းတို့ ၏ အဆုံးအမ သြ၀ါဒတို့ ၌တည်ကြ၍ပဋိသမ္ဘိဒါဥာဏ်
လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။ ထိုသို့ဖြတ်လတ်
သော် ထိုရဟန်းတို့ အဖို့ ရာ သီလစသော ဂုဏ်ကျေးဇူးတရားတို့  တိုးတက်
ကြီးပွားခြင်းသာလျှင်ဖြစ်လေတော့၏။

(မင်းကွန်းဆရာတော်ဘုရားကြီးရေးသားစီရင်တော်မူသော
မဟာဗုဒ္ဓ၀င် ပဉ္စမတွဲ စာမျက်နှာ-၂၂၁)


*****တတိယမြောက်သမီးတော်*****

အမေ နှင့် ပြောဖြစ်ခဲ့သောစကားများ

$
0
0

မနက်က ရွာထဲက အသုဘ တစ်ခုကိုသွားဖို့  အမေ့ ကို ဆိုင်ကယ်နဲ့လိုက်ပို့ ပေးခဲ့ပါတယ်။
(၇)ရက်ပြည့်လို့ ရက်လည်ဆွမ်းကပ်တရားနားရတာပါ။ သမီးတော်တို့ အိမ်က ရွာအနောက်
ဘက်မှာ ရှိပြီး အသုဘ အိမ်က ရွာအရှေ့ ဘက် မှာဖြစ်ပါတယ် ဝေးလှတယ်လို့ မဟုတ်ပေမယ့်
အမေ့ ကို သက်သာစေချင်လို့  လိုက်ပို့ ပေးတာပါ။


ဆုံးသွားတဲ့အဒေါ်ကြီးက ရွာမှာတော့ တော်တော်ကိုချမ်းသာတဲ့သူပါ။ အဲ့ဒါကြောင့် 
အမေ့ ကို မေးမိပါတယ်။

သမီးတော်..။…။ ပိုက်ဆံကတော့ တော်တော်ချမ်းသာတယ်နော် အမေ့ ။ စည်းစိမ်ကော
ခံစားသွားရရဲ့လားမသိဘူး။
အမေ..။..။ခံစားရပါတယ်။နေ မကောင်းဖြစ်တာ တော်တော်လေးကြာနေပြီ ပိုက်ဆံချမ်းသာ
တော့ ဆေးကောင်းဝါးကောင်း တွေ နဲ ကုရတယ်။ မန္တလေးက သူ့ အမျိုးတွေကလည်း
ဆေးတွေမှ အကောင်းတွေပဲ ပို့ တယ်လို့ ပြောတာပဲ။
သမီးတော်..။..။ အဲ့ဒါပြောတာပေါ့ အမေ ရဲ့ ။ချမ်းသာတယ်ဆိုတာ စည်းစိမ်ကို ခံစားရမှ
ချမ်းသာတယ်ခေါ်တာ ။ရောဂါက နှိပ်စက်နေမှတော့ ဘယ်လိုလုပ်ချမ်းသာပါ့မလဲ။
အမေ..။..။ အင်း အဲ့ဒါတော့ ဟုတ်တယ်။ နေမကောင်းတာ နှစ်တော်တော်ကြာပြီ ။
သမီးတော်..။..။ ပိုက်ဆံတော့ချမ်းသာပါရဲ့ ကိုယ်ချမ်းသာတာ ကိုယ်မခံစားရမှတော့
ဘယ်လိုလုပ်ချမ်းသာတယ်ခေါ်ပါ့မလဲ အမေ။
++++++++++++++++++++++++++++++++++
အမေ့ ကို အသုဘ အိမ် ပို့ ပေးခဲ့ပြီး အပြန်လမ်းမှာ သမီးတော် စဉ်းစားကြည့်ပါတယ်။
ဝေဒနာ ခံစားနေရတဲ့ လူတစ်ယောက်ရဲ့ ဒုက္ခ ကိုမမြင်ပဲ သူ့ ရဲ့ချမ်းသာကြွယ်ဝမှု
ကြောင့် ဆေးကောင်းဝါးကောင်းတွေ မှီဝဲ သုံးဆောင်ရခြင်းကိုပဲ အားကျလေသလား။
တကယ်ဆိုရင် သူ ခံစားနေရတဲ့  ဝေဒနာ ရဲ့ ဒုက္ခ ကိုပဲ မြင်သိရမှာပါ။ အဲ့ဒီလို မမြင်
မသိခြင်းဟာ သံဝေဂ ဥာဏ်ကို မဖြစ်စေနိုင်တော့ဘူး။ ဆေးကောင်းဝါးကောင်းမှီဝဲရခြင်း
ဆိုတဲ့  ဂုဏ် တစ်ခုကို မြင်တွေ့ ပြီး တဏှာပဲ ဖြစ်သွားတယ်။ ခန္ဓာဟာ နှိပ်စက်ခြင်း
သဘောရှိလို့  အနှိပ်စက်ခံနေရတာပါလားလို့  မှန်ကန်တော်တည့်စွာတွေးတတ်ဖို့ 
သိတ်ကိုအရေးကြီးတာပါ။ မှန်ကန်တော်တည့်စွာတွေးသိခြင်းဟာ သစ္စာသိခြင်းမည်ပါတယ်။
နှိပ်စက်ခြင်း သဘောရှိလို့  ဒုက္ခ ရောက်နေတာပါလားလို့  သိတဲ့သံဝေဂ ဥာဏ်
ဝင်ခြင်းက မိမိ ခန္ဓာ ကို မိမိပြန်ပြီးဆင်ခြင်သတိရှိစေပါတယ်။

သိတ်မကြာခင်က ဆရာတော် တစ်ပါး ဟောတဲ့ တရားမှာ လူချမ်းသာတွေရဲ့ပြိုင်ဆိုင်မှု
တွေကို နာကြားခဲ့ရပါတယ်။ ဘာရောဂါဖြစ်လို့ ဘယ်နိုင်ငံမှာ ဆေးသွားကုတာ
ဘယ်လောက်ကုန်တယ် စသဖြင့် နိုင်ငံခြားထွက်ပြီးဆေးကုရတာကို ဂုဏ်တု
ဂုဏ်ပြိုင်ပြောဆိုကြတဲ့အကြောင်းလေး နာကြားခဲ့ရတယ်။ ပြိုင်ဆိုင်ချင်တဲ့
စိတ်က ရှိနေတော့ အကောင်းပြိုင်လားအဆိုးပြိုင်လား မစဉ်းစားပဲ ကြွားဝါနေကြတာပါ။
ကျန်းမာရေးမကောင်းတာကို ပြိုင်စရာလား ၊ နိုင်ငံခြားထွက်ပြီး ဆေးကုရတာကို
ဂုဏ်ယူစရာလား.၊မကျန်းမာခြင်းရဲ့ဒုက္ခ ကို မမြင်ပဲ ။ဝေဒနာ ခံစားရတာကိုပဲ
ကျေနပ်နေသယောင်ယောင်။နိုင်ငံခြားကို တန်ဖိုးရှိရှိ ဂုဏ်ရှိရှိသွားတာမဟုတ်ပဲ
ကိုယ့်သီလ အားနည်းလို့ ရောဂါဆိုးလို့ သွားရတာကို မသိပဲ ဟုတ်လှပြီးအထင်နဲ့ 
ဂုဏ်ဖေါ်တတ်ကြတဲ့ သူများပါလား။ ဒါကြောင့်လည်း ဆရာတော်များက သတိပေး
ခဲ့တာပါ။ သူတော်ကောင်းတို့ ရဲ့ နား မျက်စိ မှာ ရီစရာကောင်းလွန်းလှပါတယ်။

အမေ့ ကို တရားစခန်းသွားဖို့  အတော်ကြာကြာ တိုက်တွန်းခဲ့ရတာပါ။အကိုကမွေးတဲ့
မြေးလေးတွေ သံယောဇဉ်နဲ့  အိမ်ကနေ မထွက်နိုင်ခဲ့ပါဘူး။ တိုက်တွန်းလွန်းအားကြီးလို့ 
တရားစခန်းသွားပြီး တရားတွေ နာရတော့မှပဲ သစ္စာတရားကို အထိုက်အလျှောက်လေး
နားလည်သဘောပေါက်လာတာဖြစ်ပါတယ်။ ဒါတောင် ခု ကိစ္စမှာ အမေ က သူများရဲ့
ချမ်းသာမှုကိုသွားပြီးအားကျမိတဲ့အဖြစ်မျိုး.။ အမေ့ ရဲ့ ကျန်းမာခြင်းက ဆေးကောင်းဝါးကောင်း
မှီဝဲပြီး ဝေဒနာ ကုစားနေရသူထက်အများကြီးချမ်းသာကြီးတယ်ဆိုတာကို သတိမမူမိတဲ့အဖြစ်။
အသက်(၆၀)ကျော်မှ တရားစခန်းသွားရတာဆိုတော့လည်း မှတ်ဥာဏ်တွေ အားနည်း
နေရောပေါ့။ အထိုက်အလျှောက်လေး သိထားတာကိုပဲ ကျေးဇူးတင်နေရပါတယ်။
သတိလက်လွတ်ကလေး ဖြစ်သွားပေမယ့် ပြောပြတော့လည်း ကောင်းကောင်း
သဘောပေါက်သွားတယ်။ အခြေခံသဘောတရားလေးတွေကိုနားလည်ထားလို့ သာ
ဆိုလိုချင်တာကို တစ်ခွန်းလောက်ပြောပြရုံနဲ့ နားလည်လက်ခံနိုင်တာပါ။

ဒါန အကျိုးကြောင့် ပစ္စည်းဥစ္စာချမ်းသာရတယ်။
သီလ အကျိုးကြောင့် ကျန်းမာတယ်။
သမထ အကျိုးဟာ စိတ်ဓါတ်ခိုင်မာတယ်။
ဝိပဿနာ အကျိုးဟာ ဥာဏ်ကိုထက်မြက်စေပါတယ်။
အဲ့ဒီ ထက်မြက်တဲ့ ဥာဏ် က ကိလေသာအညစ်အကြေးတွေကို
မြူမျှ မထင်အောင် ပယ်ဖြတ် ပါလိမ့်မယ်။ ထက်မြက်တဲ့ ဥာဏ်ဖြစ်ဖို့ တော့
အမြဲတမ်းသွေးပေးရပါမယ်။ အမြဲတမ်းသွေးပေးလို့ ထက်မြက်လာတဲ့အခါ
သူ့ အလိုလို ကိလေသာတွေကိုပယ်ဖြတ်ပါလိမ့်မယ်။ ဥာဏ်ထက်မြက်ဖို့ အတွက်
ဝိပဿနာ အလုပ်ကို အစဉ်တစိုက် လေ့ကျင့်ကြပါ။



ဝိပဿနာ မဂ်မှသည် လောကုတ္တရာမဂ် သို့  တက်လှမ်းရောက်ရှိနိုင်ကြပါစေ။



                   *****တတိယမြောက်သမီးတော်*****

စာနဲ့ လက်တွေ့ 

$
0
0

အဘိဓမ္မာဆိုတာ စာအုပ်ထဲ သွားရှာရတာ မဟုတ်ဘူး။ကိုယ့်ခန္ဓာကိုယ်မှာ
ရှိတာမသိကြလို့ သာ၊အဲ့ဒါကြောင့်မို့  ဒီမှာသင်ရတာ ပိုပြီးတော့ ကောင်းတယ်။
တရားထိုင်တာနှင့်အဘိဓမ္မာ နှင့် တွဲသွားတာ။တရားထိုင်ထားရင် အဘိဓမ္မာ
ပိုသဘောပေါက်တယ် ။အဘိဓမ္မာ နားလည်ထားရင် တရားထိုင်တော့လည်း
ပိုကောင်းတယ်။ အဲ့ဒီလို အပြန်အလှန် ကျေးဇူးပြုသွားတယ်။
 

တကယ် တရားထိုင်ရင် အဘိဓမ္မာ သဘောတွေက တကယ်ကို မြင်မြင်လာတယ်။
ကိုယ်ပိုင် အသိနှင့်သိလာတယ်။ သာမည စာအုပ်ထဲမှာ ရှိတဲ့ဟာတွေ မဟုတ်ဘူး။
ကိုယ်က ပထမ သိထားတယ် တရားထိုင်လိုက်တဲ့အခါတွေ့ ကြုံလာတဲ့အခါ ကျတော့
ဒါ ငါစာထဲတွေ့ တဲ့ ဟာပါလား ဆိုတာ တခါထဲ သိသွားတယ်။ သူများက ပြောနေစရာ
တောင် မလိုဘူး။တရားထိုင်ရင် တွေ့ လို့ သိတဲ့ အသိကျတော့ တကယ်သိတာ။
စာထဲမှတ်သိတဲ့ အသိမျိုး မဟုတ်ဘူ။ အဲ့လို ကွာတာတွေရှိတယ်။
ဒါကြောင့်မို့  တရားလည်းထိုင် အဘိဓမ္မာလည်း လေ့လာ  စာနဲ့ လက်တွေ့ 
တွဲသွားရော။


 အရှင်သီလာနန္ဒာဘိဝံသ



                 *****တတိယမြောက်သမီးတော်*****




အနိစ္စလို့ ဆင်ခြင်ပါ

$
0
0

 
 
ညနေခင်းအချိန်လေးအားနေတာနဲ့အိမ်ရှေ့ကမြက်ခင်းမှာမြက်ရိုင်းတစ်ချိုထိုးထိုးထောင်ထောင
ထွက်နေတာကို အမြင်မလှလို့  ဓါးရှည်တစ်ချောင်းကိုယူပြီး မြက်တွေကို ရှင်းပါတယ်။ မြက်တွေရှင်း
နေရင်းနဲ့  ကြွက်တစ်ကောင်ရဲ့အမြီးပိုင်းလေးကိုတွေ့ တော့ သေခြင်းတရားက ခေါင်းထဲကို
ဝင်လာပါတယ်။ကြွက်က အမြီးလေးပဲ ကျန်တော့တာပါ ခွေးစားတာခံရတာလား ကြောင်စားတာ
ခံရတာလားတော့ မသိပါဘူး။ စားကြွင်း အပိုင်းအစလေးတစ်ချို့ လည်း ကျန်နေပါတယ်။


သမီးတော်တို့ ကော ဒီလိုသေခြင်းမျိုးနဲ့ သံသရာ တစ်လျှောက်လုံးဘယ်နှကြိမ်သေခဲ့ပြီးပြီလဲ။
တရားတော်များမှာ အကြိမ်ကြိမ်ဖတ်ဖူးသလို အကြိမ်ကြိမ်လည်းနာကြားမှတ်သားခဲ့ရပါတယ်။
အရိုးကြီးဘ၀ နဲ့သေလို့  မြုပ်နှံခဲ့ရတာတောင် အရိုးတွေက တောင်လိုပုံပါတယ်တဲ့ ။ ပုရွက်ဆိတ်လို
ခါချဉ်လို အကောင်မျိုးဘ၀တွေ မပါသေးပါဘူးတဲ့ ။ ကြွက် တို့  မြွေတို့ လို ဘ၀မျိုးနဲ့ကော 
ဘယ်နှဘ၀ သေခဲ့ပြီလဲမသိနိုင်။ သေတယ်ဆိုမှတော့ သစ္စာမသိပဲ သေခဲ့ရတဲ့ဘ၀တိုင်းဟာ
အသေဆိုးနဲ့သေခဲ့ရတာချည်းပါပဲ။သစ္စာမသိသေးတဲ့သူတိုင်း သေခြင်းတရားကိုကြောက်လန့် ကြမယ်။
သေခြင်းတရားရဲ့ ဟိုမှာဘက်က ဘယ်လိုအရာနဲ့ရင်ဆိုင်ရမယ်ဆိုတာမသိနိုင်တဲ့အဖြစ်တွေပါ။
သစ္စာသိပြီးသားအရိယာတွေကတော့ သေခြင်းတရားကိုရင်ဆိုင်တဲ့အခါ ပြုံးပြီးရင်ဆိုင်နိုင်ကြတယ်။
ပြုံးပြီး သေကြတယ် လို့  သိထားရတာပါ။နောက်ထပ်ခံစားရမယ့်ဒုက္ခက နည်းသွားပြီကိုး။
ရဟန္တာများဆိုရင် နောက်ထပ် ဒုက္ခတွေ မလာတော့ဘူး။အနာဂါမ်နဲ့ အောက် အရိယာတွေကတော့
တဘ၀စာအတွက် ဒုက္ခကလွတ်မြောက်ပြီ  နောက်ထပ် ဒုက္ခ အနည်းငယ်သာကျန်တော့တယ်လို့ 
ဒီလိုယူမှတ်နိုင်ကြလို့  သေခြင်းတရားကို ပြုံးပြီး ရင်ဆိုင်နိုင်ကြပါတယ်တဲ့။

အရိယာဖြစ်ဖို့ ကြတော့လွယ်ပါ့မလား ဆိုတော့  ဆရာတော်များမိန့် တာကို
မှတ်သားဖူးပါတယ်။ မလုပ်တတ်ရင်သာခက်တာ။ လုပ်တတ်ရင်လွယ်လွယ်လေးတဲ့ ။
ပညာရဲ့သဘောသွားကိုနားလည်ထားပြီးတကယ်လုပ်ရင်လွယ်ပါတယ်တဲ့ ။
ပညာရဲ့သဘောသွားကို နားလည်တယ်လို့ ဒီလို ခပ်လွယ်လွယ်ပဲ ထင်တတ်ကြတယ်။
ခန္ဓာ အဖြစ်နဲ့ ခန္ဓာ အပျက်ကို မြင်အောင်ကြည့်တတ်ရင် ၀ိပဿနာ။အဲ့ဒီ ၀ိပဿနာကို
သတိနဲ့ ကြည့်ရာမှ သတိမလွတ်အောင်ကြည့်ရမှာ။ဝီရိယ စိုက်ထုတ်ရမှာ။
သိသာ သိပြီး သတိမလွတ်အောင် မကြည့်နိုင်ရင် ၀ီရိယ အားမစိုက်ရင်
ဝိပဿနာ ဆိုတာ ဒါပါပဲကွာလို့ ငါသိကြီးလုပ်လို့  ခရီးဆုံးမရောက် ကိစ္စမပြီး
ဒီလိုနဲ့ သိသာ သိပြီး နိဗ္ဗာန်ကိုမျက်မှောက်မပြုနိုင်တဲ့သူတွေ များလွန်းလှပါတယ်။
ပါရမီ ရင့်သန် မှ ဥာဏ်ရင့်မှ ဘုရားတောင် တရားဟောတယ်လို့  ယူဆကြသူကလည်း
များလွန်းလှပါတယ်။ အတိတ်က ပါရမီ မပါချင်နေပါစေ။လက်ရှိဘ၀မှာ  သစ္စာတရားကို
နာကြားနိုင်တဲ့ ဥာဏ်နားသာရှိရင် ပါရမီ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဥာဏ်ရင့်သန်
လာအောင် ကိုယ်တိုင်က အားစိုက်ကြိုးစားရင် ပါရမီက ပြည့်လာပါမယ်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးသက်တော်ထင်ရှားရှိစဉ် အချိန်ကတည်းက
သစ္စာတရားကိုနာကြားနိုင်တဲ့ဥာဏ်နားတွေ ရှိပါလျှက်နဲ့  တရားအလုပ်အားထုတ်ရမှန်း
မသိကြတဲ့  မဟာဓန သူဋ္ဌေးလင်မယားကို မမေ့သင့်ပါဘူးရှင်။
ဘုရားရှင် ကိုယ်တော်တိုင် ပြောခဲ့ပါတယ် ပထမ အရွယ်မှာသာ သစ္စာတရား
နာကြားပြီး ၀ိပဿနာ အလုပ်ကိုအားထုတ်လိုက်မယ်ဆိုရင် အနာဂါမ်တည်
လိမ့်မယ်တဲ့ ။ ဒုတိယ အရွယ်မှာ သစ္စာတရားနာကြားပြီး ၀ိပဿနာ အလုပ်
အားထုတ်လိုက်ရင် သကဒါဂါမ် တည်လိမ့်မယ်တဲ့ ။ တတိယ အရွယ်မှာ
သစ္စာတရားနာကြားပြီး ၀ိပဿနာ အလုပ်အားထုတ်လိုက်ရင် သောတာပန်
တည်လိမ့်မယ်တဲ့ ။ ဘုရားရှင် က အလကားမိန့်တော်မူတာမဟုတ်ပါဘူး။
အတိတ် ဘ၀တွေတုံးက ပါရမီတော်ဖြည့်ကျင့်ခဲ့တာမရှိလို့ သာ ဘုရားရှင်
ကိုယ်တိုင် တရားဟောမကြွခဲ့တာပါ။ သူတို့ ကိုယ်တိုင်လည်း ဘုရားရှင်
ရှိရာကို မရောက်လာနိုင်ကြတာပါ။ ပါရမီ ရှိခဲ့ကြသူများသာဆိုရင်
ဘုရားရှင် ကိုယ်တော်မြတ်က ကိုယ်တော်တိုင်ကြွပြီး ပထမ အရွယ်မှာကတည်း
တရားတော်များဟောကြားတော်မူမှာပေါ့။ သစ္စာတရားကိုနာကြားနိုင်တဲ့
ဥာဏ်နားရှိသော်လည်း မိမိကိုယ်ကို စောင့်ထိန်းခြင်း တန်ဖိုးရှိရာကို ဦးတည်မှု
မရှိခြင်းများကြောင့် တန်ဖိုးရှိသောအရာများ ဆုံးရှုံးသွားခဲ့တာပါ။
ချမ်းသာကြွယ်ဝမှု ကို အဟုတ်မှတ်ပြီး ပျော်ပါး သောက်စား အချိန်တွေ
ဖြုံးတီးခဲ့တာ။ နောက်ဆုံးရလာဒ်က သူတောင်းစားဘ၀နဲ့ လက်ရှိ
ဘ၀ကိုအဆုံးသတ်ခြင်းဖြစ်ပြီး သံသရာမှ ကျင်လည် ရတဲ့ သတ္တ၀ါတစ်ခု
အဖြစ်သာ ဖြစ်ခဲ့ရပါတယ်။

သမီးတော် ဆိုလိုချင်တာက သေခြင်းတရားတစ်ခုကိုတွေ့ တိုင်းလည်း
မရဏသတိ ကို ဖြစ်စေအောင်  မိမိ ကိုယ်ကို စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။
ယက်ကန်းသည်မလေး ဟာ မရဏသတိလေးနဲ့  သုံးနှစ်တိုင်အောင်
နေခဲ့တာ ဘုရားရှင်ကိုယ်တိုင်ကြွပြီးတရားဟောရတဲ့အထိ ပါရမီ ပြည့်သွားတယ်။
ယက်ကန်းသည်မလေးဟာ အတိတ်ဘ၀က ပါရမီ နဲ့ မဟုတ်ပဲ လက်ရှိဘ၀မှာတင်
ယုံကြည်စွာ ဖြည့်ကျင့် အားထုတ်လိုက်လို့  ပါရမီလည်းပြည့်ပြီး ဥာဏ်လည်းရင့်
လာတာဖြစ်ပါတယ်။ သေခြင်းတရားတစ်ခကို သော်လည်းကောင်း နာခြင်းတရား
တစ်ခုကိုသော်လည်းကောင်း မြင်တွေ့ ရတိုင်း သတိဝင်ပြီး  ခန္ဓာဟာ
ဖောက်ပြန်ခြင်းသဘောသာရှိတယ် နာခြင်းသဘောသာရှိတယ် သေခြင်းသဘော
သာရှိတယ်လို့  မိမိ နှလုံးသားထဲကကို ယုံယုံကြည်ကြည်နဲ့ နှလုံးသွင်းဆင်ခြင်
ပေးတဲ့ အလေ့အကျင့်ရှိခဲ့ရင် ပါရမီ က ပြည့်လာမှာပဲ။ဘုရားရှင်ကို ယုံကြည်ခြင်း
ဆိုတဲ့ သဒ္ဓါတရားဟာ နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ အတွက် အခိုင်မာဆုံးသော
အုတ်မြစ်တစ်ခုပါ။

ဘုရားရှင်နှင့် ဘုရားရှင်ဟောကြားသောတရားတော်များကို ယုံကြည်ခြင်းဆိုတဲ့
သဒ္ဓါတရားမရှိတဲ့သူဟာ သီလ အရာမှာလည်း ယုံကြည်စွာကျင့်သုံးဆောက်တည်
မှာ မဟုတ်ပါဘူး။ သံသရာကျင်လည်ရခြင်းကိုလည်း မယုံတဲ့အတွက် သီလ
ဆောက်တည်ခြင်း  အမှုကို ဆောင်ရွက်မှာ မဟုတ်ပါဘူး။ ဒါန ဟာ ချမ်းသာစည်းစိမ်ကို
ပေးစွမ်းနိုင်သည်ထက်  သီလ  က မပေးစွမ်းနိုင်တဲ့အရာဆိုတာ မရှိပါဘူး။

သီလ ကိုစောင့်ထိန်းခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှုကိုရှိစေပြီး။ အရာရာကို
ရဲရင့်စွာ ရပ်တည်ရင်ဆိုင်နိုင်ပါတယ်။ ဒါကြောင့် သီလပြည့်စုံသူများဟာ
နိဗ္ဗာန်ကိုသော်လည်းအလိုရှိရင် မိမိသီလကို ဆင်ခြင်ခြင်းဖြင့် မျက်မှောက်ပြု
နိုင်စွမ်းကြပါတယ်။ ထို့ ထက်ပို၍လည်း သံဝေဂဥာဏ် နဲ့နှိုင်းယှဉ်ပြီး အရာရာ
ချင့်ချိန် ဆင်ခြင်တတ်ရင် ဥာဏ်အရာ ရင့်ကျက်လာပါလိမ့်မယ်။
တွေ့ မြင်ရသမျှဟာ အနိစ္စတွေပါပဲ။ ပုရွက်ဆိတ်လေးတစ်ကောင်ကိုက်တာ
ခံရတဲ့အခါ ယားကျိကျိဖြစ်လို့  လက်နဲ့ အသာအယာလေးပွတ်လိုက်တဲ့အခါ
ပုရွက်ဆိတ်က သေရပါတယ်။  သေ  အေးရောလို့  မတွေးပါနဲ့ ။
ဟယ် ပုရွက်ဆိတ်လေး သေသွားပြီလို့ လည်း စိတ်မကောင်းဖြစ်မနေပါနဲ့ ။
ကိုယ်က သတ်ချင်လို့ သိတ်တာမှ မဟုတ်တာနော်။မတော်တဆ နဲ့ 
ပွတ်မိရင်းသေသွားတာတွေ့ မှတော့  အနိစ္စပါလားလို့  သံဝေဂ စိတ်နဲ့
ရှုမြင်လိုက်ပါ။ မိမိ ကိုယ်တိုင်လည်း အချိန်မရွေးအကြောင်းကြောင်းကြောင့်
သေသွားနိုင်တာကို ဆင်ခြင်လိုက်ပါ။ နေရာတိုင်းမှာ သေခြင်းတရားကိုမြင်တွေ့ နေ
ရတာမို့  သေခြင်းတရားကိုတွေ့ တိုင်း အနိစ္စပါလား လို့  ဆင်ခြင်ပေးရင်
မြင်တတ်ရင် ဥာဏ်ရင့်သန်လာမှာဖြစ်တဲ့အတွက် သတိလေးထားပြီး
သိမှတ်ကြစေချင်ပါတယ်။

သတိဖြင့်ဆင်ခြင်ခြင်းမှ ပညာအရာဖြင့် နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ကြပါစေ။


*****တတိယမြောက်သမီးတော်*****

ဝိရတီ

$
0
0


 (၁)အခွင့်အရေးကြုံလာတဲ့အခါ ရှောင်ကြဉ်ခြင်း၊ပါဠိလို သမ္ပတ္တ၀ိရတီ
(၂)သမာဒါန ၀ိရတီ ၊ ဆောက်တည်ထားလို့ ရှောင်ကြဉ်ခြင်း။
(၃)သမုစ္ဆေဒ ၀ိရတီ၊ ရဟန္တာဖြစ်လို့ မဂ်ရတဲ့အခါမှာ မဂ်နဲ့ အကြွင်းမဲ့
ပယ်တာ၊အဲ့သလို ဒုစရိုက်ပယ်တာ  ၃ မျိုး ရှိတယ်။


 သမ္ပတ္တ၀ိရတီ


သမ္ပတ္တ၀ိရတီ ဆောက်တည်တယ်ဆိုတာက ကိုယ်က သိက္ခာပုဒ်တွေ
ဆောက်တည်ထားတာ မဟုတ်ဘူး။ သီလ ယူထားတာ မဟုတ်ဘူး။
သို့ သော် သတ်ဖို့ ရန် ကြုံလာတဲ့အခါ မသတ်ပဲ နဲ့ ရှောင်လိုက်တာ။
အဲ့ဒါမျိုးကို သမ္မတ္တ။

သမ္ပတ္တ ဆိုတာ ရောက်လာတာ၊ ရောက်လာတွေ့ ကြုံတဲ့အခါ
ရှောင်တာမျိုးပေါ့။

ရှေးတုန်းက လုလင်တစ်ယောက်ရှိတယ်။ သူ့ မှာ အမေလည်းရှိတယ်။
အစ်ကိုလည်းရှိတယ်။တစ်နေ့ တော့ အမေမှာ ရောဂါဖြစ်တယ်။
ရောဂါဖြစ်တော့ ဆေးဆရာက ယုန်းသားစိမ်းရမှ အမေ ရောဂါ
ပျောက်မယ်လို့ ပြောတယ်။

အဲ့သလိုပြောတော့အစ်ကိုက ညီကို ယုန်ရှာလွှတ်လိုက်တယ်။
အဲ့ဒါနဲ့  ညီဟာ တောထဲသွား ယုန်လိုက်တော့တာပေါ့။
အဲ့သလို လိုက်တဲ့အခါ နွယ်နဲ့ ငြိပြီး ယုန်ကလေး မပြေးနိုင်ဘူး။
အဲ့ဒါကို သွားဖမ်းယူလိုက်တယ်။

ယုန်ကလေး ဖမ်းပြီးတဲ့အခါမှာ သူစဉ်းစားတယ်။ငါ့ အမေ အသက်ကယ်ဖို့ 
အတွက် ဒီသတ္တ၀ါလေး အသက်ကို သတ်ရမှာလား။ ဒါဟာဖြင့်မသင့်တော်ဘူး။
အဲ့ဒီတော့ အသက်တစ်ခု ကယ်ဖို့ အသက်တစ်ခု သတ်တာ မသင့်တော်ဘူး
ဆိုပြီး ယုန်ကလေးကို လွှတ်လိုက်တယ်။ယုန်ကလေးက တောထဲ ၀င်သွားတယ်။

သူပြန်သွားတော့ အစ်ကိုက ဆီးမေးတာပေါ့။ဘယ့်နှယ်လဲ ယုန်ရခဲ့လား
ဆိုတော့ သူက မှန်တဲ့အတိုင်း ပြောပြတယ်။ ကျွန်တော် ယုန်ကိုတွေ့ တယ်။
ဒါပေမယ့် မသတ်ချင်တာနဲ့ လွှတ်လိုက်တယ် ဆိုတော့ အစ်ကိုက
ဆူဆဲငေါက်တာပေါ့။

ဒါပေမယ့် သူက ဘာမှ ပြန်မပြောပဲ သူ့ အမေရှေ့ သွားပြီး သစ္စာဆိုတယ်။
“ကျွန်တော်ဟာ လူဖြစ်လာတဲ့နေ့ က စပြီး သေစေလိုတဲ့ စေတနာနဲ့
ဘယ်သတ္တ၀ါကိုမှ မသတ်ခဲ့ဖူးပါဘူး။ ဒီလိုမှန်ကန်တဲ့ စကားကို ဆိုရတဲ့
အတွက်ကြောင့် မိခင်မှာ ရောဂါပျောက်ပါစေ”  အဲ့သလို သစ္စာပြုလိုက်တဲ့အခါမှာ
သူ့ မိခင် ရဲ့ ရောဂါပျောက်ကင်းသွားတယ်။

အဲ့ဒါဘာလဲဆိုရင် သမ္ပတ္တိဝိရတီ။ရောက်လာတာကို ရှောင်တာ။

++++++++


သမာဒါန၀ိရတီ

သမာဒါန ၀ိရတီ ဆိုတာ ဆောက်တည်ထားတဲ့အခါမှာ ရှောင်တာ။
ဒကာ တစ်ယောက်က တစ်နေ့ တောထဲသွားမယ်လုပ်တော့ မသွားခင်
ဘုန်းကြီးဆီမှာ သီလယူတယ်။ သီလယူပြီးတော့ တောထဲသွားတဲ့အခါမှာ
သူ့ ကို စပါးကြီးမြွေက ပတ်တော့တာပဲ။ အဲ့သလို ပတ်ထားတဲ့အခါကျတော့
သူ့ လက်ထဲမှာ ခုတ်ထစ်စရာ  ဓါးပါတယ်  ပဲကွပ်ပါတယ်။

ပထမ တော့ မြွေကြီးကို ခေါင်းဖြတ်ပြီး သတ်မယ်လို့  လုပ်သေးတယ်။
နောက်တော့  သူစဉ်းစားတယ် “ အော် မနက်က ဆရာတော်ထံမှာ
သီလယူခဲ့တယ်၊ သီလ ယူခဲ့ပါလျှက်နဲ့  သီလကို ချိုးလို့ မသင့်တော်ဘူး။
ကိုင်းဒီမြွေကြီး ပတ်လို့  သေချင်သေပေစေတော့  အသေသာခံမယ်။
ယူထားတဲ့ သိက္ခာပုဒ်ကိုမချိုးတော့ဘူး”  ဆိုပြီး ပဲကွပ်(ပုဆိန်)ကြီး
လွှင့်ပစ်လိုက်တယ်။

အဲ့သလို လွှင့်ပစ်လိုက်ပြီးရော  မြွေကြီးကလည်း ပတ်ထားတာကို
ဖြေပြီး တခြားထွက်သွားရောတဲ့ ။ အဲ့သလို ရှောင်တာမျိုး သိက္ခာ
ပုဒ်ယူထားပြီးမှ ရှောင်ရင် သမာဒါန ၀ိရတီ။

ဒါတွေက ဆန်းကြယ်တယ်။ မဖြစ်ဘူးလို့  မပြောနိုင်ဘူး။
စိတ်ဓါတ်တန်ခိုးတွေရှိတာကိုး။



အရှင် သီလာနန္ဒာဘိဝံသ




                  *****တတိယမြောက်သမီးတော်*****

ပညာ

$
0
0


 အမောဟ  တဲ့ သူကတော့ တစ်ခုထဲမို့ လို့  ခေါ်ချင်သလိုခေါ်လို့ ရတယ်။
ဒါပေမယ့် နာမည်က ပညိနြေ္ဒ တဲ့ အဓိပ္ပါယ်က အာရုံကိုသိခြင်းသဘော၊
ဒါက အဓိပ္ပါယ် သာပြောထားတာ၊အနက်အစစ် မဟုတ်သေးဘူး။

ပညာ ဆိုတာ သိတာ၊ ဣနြေ္ဒဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်က အစိုးရခြင်း
ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်။ ဒါကြောင့် ပညိနြေ္ဒ ဆိုတာ သူဟာ ပညာလည်း
ဟုတ်တယ်။ သိတဲ့နေရာမှာ အစိုးတရလည်းဖြစ်တယ်။ ဒါကြောင့်မို့ 
ပညိနြေ္ဒ လို့ ခေါ်တယ်။ အာရုံကိုအမှန်အတိုင်းသိခြင်းသဘော။

ဒီမှာဆိုလိုတဲ့ ပညာက တကယ့်ကို ရုပ်နာမ်သဘောကို ထိုးထွင်းသိတဲ့
ပညာကို ဆိုလိုတာ၊ ဆိုပါတော့ သင်ကြားတဲ့ ပညာတွေလည်း တတ်ကြတယ်
မဟုတ်လား၊ အမှန်အတိုင်းပြောရင် ဒါတွေကို ဦးဇင်းတို့ က ပညာလို့ 
မခေါ်ဘူး၊ တစ်နည်းနည်း နဲ့ တခြားနာမည်နဲ့ခေါ်ချင်ခေါ်ပေါ့။ ဗဟုသုတ
လို့ ခေါ်ချင်ခေါ်၊ အတတ်လို့ ပဲ ခေါ်ခေါ်။

ပါဠိတော်တွေမှာ ပညာဆိုတဲ့ စကားလုံးကို သုံးပြီဆိုရင်  ရုပ်နာမ် သဘောကို
အမှန်အတိုင်း  ထိုးထွင်းပြီးသိတာမျိုး ဒီထက်တစ်ဆင့်တက်လိုက်ရင်
သစ္စာလေးပါးတရား နိဗ္ဗာန်ကို ထိုးထွင်းပြိး သိတာမျိုးကို ပညာလို့ ခေါ်တယ်။

ဒီပညာဟာ ဘယ်တော့မှ အကုသိုလ်စိတ်နဲ့မယှဉ်ဘူး။ အဟိတ်စိတ်နဲ့ 
မယှဉ်ဘူး။ကာမာဝစရ သောဘန စိတ်ထဲမှာတောင်မှ ဥာဏသမ္ပယုတ်နဲ့
သာယှဉ်တယ်။ဥာဏ ၀ိပ္ပယုတ်နဲ့ ပညာ နဲ့မဆိုင်ဘူး။

ပညာကို ဘာနဲ့ ဥပမာ ပေးလည်းဆိုတော့ မှောင်နေတဲ့အခန်းထဲမှာ
မီးထွန်းလိုက်တာမျိုး လင်းသွားသလိုပဲ ပညာမပါရင် ရုပ်နာမ်ရဲ့
သဘောတရားကို မသိဘူး။ အမှောင်ကျသလိုပဲ။ ပညာပေါ်လာတဲ့
အခါမှာ ရုပ်နာမ်ရဲ့ သဘောတရားကို ထင်ထင်လင်းလင်း သိသွားတယ်။
အဲ့သလို သိတတ်တဲ့ သဘောတရား၊ အဲ့သလို သိခြင်း`၌ အစိုးတရဖြစ်
တတ်တဲ့ သဘောတရားကို ပညိနြေ္ဒ လို့ ခေါ်တယ်။

ပညိနြေ္ဒ ကိုပြည့်ပြည့်၀၀ တိတိကျကျ လုပ်ချင်ရင်တော့ တရားထိုင်ရမယ်။
တရားထိုင်မှတ်တာ ကြာလာတဲ့အခါကျတော့ ဒါတွေကို သူ့ ဟာသူ
မြင်လာတာ၊ ပထမ စစချင်းတော့ ဒါမဖြစ်နိုင်သေးဘူး။ သမာဓိ ရအောင်လုပ်
နေရတာ။သမာဓိဖြစ်တာနဲ့ တစ်ပြိုင်နက် ပညာလာတော့တာပဲ။
ဒါကြောင့်မို့  ဘုရားဟောထားတာက   “သမာဟိတော ဘိက္ခဝေ
ယထာဘူတံ ပစာနာတိ”  တဲ့ ။သမာဓိရှိတဲ့ ပုဂ္ဂိုလ်ဟာ တရားတွေကို
အမှန်အတိုင်း သိမြင်သွားတယ်။ အပြီးထိအောင် လုပ်မနေရတော့ဘူး။
စိတ်တည်ကြည်ပြီး ငြိမ်သွားပြီဆိုတာနဲ့  တစ်ပြိုင်နက် တရားကို
မြင်လာတယ်။ အဲ့သလိုမြင်လာတဲ့ပညာကိုမှ ပညာ လို့ ခေါ်တယ်။

ပြီးတော့ ရှိသေးတယ်။ကံ  ကံ၏ အကျိုးကို ယုံကြည်သိမြင်တဲ့ ကမ္မဿကတ
ပညာ လို့ ခေါ်တယ်။ ကံဆိုတာ ရှိတယ်၊ ကံ၏ အကျိုးဆိုတာ ရှိတယ်လို့ 
ယုံကြည်တာ၊ ရှေးတုန်းကထဲက ဒါတွေရှိပြီးသားပါ။

အမောဟ လို့ လည်းခေါ်တယ်။ ပညာလို့ လည်းခေါ်တယ်။ ဥာဏလို့ လည်း
ခေါ်တယ်။ အားလုံးအတူတူပဲ။



အရှင်သီလာနန္ဒာဘိဝံသ


                 



                  *****တတိယမြောက်သမီးတော်*****

သညာ သိ ၀ိညာဉ်သိ ပညာသိ

$
0
0

နောက်တစ်ခုက သညာရယ် ၀ိညာဉ်ရယ်  ပညာရယ်တဲ့ (၀ိညာဉ်ဆိုတာ စိတ်ပါပဲ)
ဒီသုံးခု အစုကို နားလည်ရမယ်။


သညာ၊ ၀ိညာဉ်၊ ပညာ တို့ ၏ အာရုံကိုသိသည်၏ အဖြစ်သည်
တူညီသော်လည်း သညာသည် အညို အရွှေ ဤသို့ စသည်ဖြင့် အာရုံကို
မှတ်သိရုံမျှသာဖြစ်သည်။ 

သညာ သိတာ မှတ်သိရုံလေးပါ၊ ဒါလေးက အနီ ၊
ဒါက အညို ၊ ဒါက အ၀ါ စသည်ဖြင့်ပေါ့ ၊ အဲ့သလို သိတာ သညာသိ။
မမြဲ  ဆင်းရဲ အတ္တ မဟုတ် ဟု လက္ခဏာသုံးပါး ထိုးထွင်းသိခြင်းသို့ 
ရောက်စေရန်ကား မစွမ်းနိုင်သေး။ သညာက အနိစ္စ ဒုက္ခ အနတ္တ လို သိသည့်တိုင်
အောင် မစွမ်းနိုင်သေးဘူးတဲ့ ၊ မှတ်ရုံမှတ်ပြီးသိတာကိုး။

ဝိညာဉ်သည် အညို အရွှေ ဤသို့  စသည်ဖြင့် အာရုံကိုလည်းသိ၏။ လက္ခဏာ
သုံးပါးထိုးထွင်းသိခြင်းသို့လည်း ရောက်စေ၏။

ဝိညာဉ်သိ (စိတ်သိ)ကျတော့မှတ်လည်းပါသွားတယ်။လက္ခဏာကို
ထိုးထွင်းသိသောအနေအထိလည်းသိတယ်တဲ့ ။
သို့ သော်လည်း အဆင့်ဆင့်တက်၍ အရိယာမဂ် ဖြစ်ပေါ်ခြင်းသို့ ရောက်စေ
ရန်ကားမစွမ်းနိုင်သေး။
ဝိညာဉ်သိ  သိရုံနဲ့ ကိစ္စ မဆုံးသေးဘူးလို့ ဆိုလိုတယ်။

ပညာသည်ကား ဆိုခဲ့ပြီးသောနည်းဖြင့် အာရုံကိုလည်းသိ၏။ လက္ခဏာ
သုံးပါးထိုးထွင်းသိခြင်းသို့လည်း ရောက်စေ၏။ အဆင့်ဆင့်တက်၍
အရိယာမဂ် ဖြစ်ပေါ်ခြင်းသို့လည်းရောက်၏။
အဲ့သလိုကွာတယ်။ သညာက မှတ်ရုံသာသိတယ်။ ၀ိညာဉ်ကျတော့
နည်းနည်းလေးပိုသိလာတယ်။ မကုန်သေးဘူး၊ ပညာကျမှ အကုန်
ထိုးထွင်းပြီးတော့ သိတယ်။ ဒါကြောင့် သညာ၊ ၀ိညာဉ် ၊ ပညာ သုံးပါး
အစုကိုလည်း မှတ်ရမယ်။


အရှင်သီလာနန္ဒာဘိဝံသ





သညာသိ  ၀ိညာဉ်သိမှ  ပညာ အသိတိုင်အောင်  ထိုးထွင်းသိမြင်လျှက်
နိဗ္ဗာန် မျက်မှောက်ပြုနိုင်သူများဖြစ်နိုင်ကြပါစေ




                  *****တတိယမြောက်သမီးတော်*****

နိဗဒ္ဓ ကုသလ

$
0
0






                           *****တတိယမြောက်သမီးတော်*****

ကလေးအထူးတရားစခန်း


အမြတ်စား အညံ့စား အကျင့် နှစ်ပါး

$
0
0

မဂ်သို့ ရောက်ကြောင်း ထိုအကျင့်ကောင်းကိုလည်း  အမြတ်စား
အညံ့စား  နှစ်မျိုးအားဖြင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်ပြီ။


ရဟန်းတရားကို ပွားများကြိုးကုတ် စ၍ အားထုတ်သည်မှ
နီဝရဏ ငါးပါးတို့ ကို ခွါနိုင်သည့် တိုင်အောင် ဤ အတွင်းသည်
ပဋိပဒါ၏ခေတ် ပဋိပဒါ၏ နယ်ပယ်မည်၏။

ဤ အတွင်း အလွယ်တကူ မပင်မပန်း နီဝရဏ ငါးပါးတို့ ကို ခွါစွန့် နိုင်လျှင်
“သုခါ ပဋိပဒါ”   ဟူ၍ ခေါ်၏။
ငြိုငြင် ပင်ပန်းဆင်းရဲစွာကျင့်မှ နီဝရဏတို့ ကို စွန့် ခွါနိုင်လျှင်
“ဒုက္ခာ ပဋိပဒါ”   ဟူ၍ ခေါ်၏။
နီဝရဏ ငါးပါးတို့ ကိုခွါစွန့် ပြီးသည်မှ စ၍
မဂ်ဥာဏ်သို့ ရောက်သည့်တိုင်အောင် ဤ အတွင်းသည်
အဘိညာခေတ်  (အဘိညာ=၀ိပဿနာ ဥာဏ်ပညာ)
၏ နယ်ပယ်မည်၏။
နိဝရဏ ငါးပါးတို့ ကို ခွါပြီးနောက် မဂ်ဥာဏ်သို့ 
အလျှင်အမြန်ရောက်သော ၀ိပဿနာ ဥာဏ်တို့ ကို
ခိပ္ပါဘိည ဟူ၍ ခေါ်၏။
မဂ်ဥာဏ်သို့  နှေးနှေးကန်ကန် ရောက်မူ ထိုဝိပဿနာ ဥာဏ်တို့ ကို
ဒန္ဓာဘိည ဟူ၍ ခေါ်၏။

(၁)အချို့ သော ပုဂ္ဂိုလ်တို့ မှာ ရဟန်းတရားအားထုတ်လတ်သော်
နီဝရဏ ငါးပါးတို့ ကို မပင်မပန်း အလွယ်တကူ ပယ်ပြီးလျှင်
မဂ်ဥာဏ်သို့ လျှင်မြတ်စွာ ရောက်ကြ၏။ ထိုပုဂ္ဂိုလ်တို့ ၏ ပဋိပဒါ
(=အကျင့်မျိုး)ကို သုခါ ပဋိပဒါ ခိပ္ပဘိညာ  ဟူ၍ ခေါ်၏။ (ဤအကျင့်မျိုးကို
အမြတ်စားဟူ၍ မြတ်စွာဘုရားဟောကြားတော်မူ၏။)
(၂)အချို့ သော သူတို့ မှာ နီဝဏ ငါးပါးတို့ ကို အလွယ်တကူနှင့်
ပယ်ပြီးနောက် နှေးကန်စွာ မဂ်ဥာဏ်သို့ ရောက်ဆိုက်ကြ၏။
ထို ပုဂ္ဂိုလ်တို့ ၏ ပဋိပဒါ(=အကျင့်မျိုး)ကို သုခ ပဋိပဒါ ဒန္ဓာဘိညာ
ဟူ၍ ခေါ်၏။
(၃) အချို့ မှာနီဝဏ ငါးပါးတို့ ကို ငြိုငြင်ပင်ပန်းခဲယဉ်းစွာကျင့်မှ
ခွါစွန့် နိုင်ပြီးလျှင် မဂ်ဥာဏ်သို့ ကား လျှင်မြန်စွာ ရောက်ဆိုက်ကြ၏။
ထိုသူတို့ ၏ ပဋိပဒါ(= အကျင့်မျိုးကို ဒုက္ခာ ပဋိပဒါခိပ္ပါဘိညာ ဟူ၍ ခေါ်၏။
(၄)အချို့ မှာ နီဝဏငါးပါးတို့ ကိုလည်း ငြိုငြင်ပင်ပန်း ခဲယဉ်းစွာကျင့်၍
စွန့်ခွါပြီးနောက် မဂ်ဥာဏ်သို့လည်း နှေးနှေးကန်ကန် ရောက်ဆိုက်ကြ၏။
ထိုသူတို့ ၏ ပဋိပဒါ(=အကျင့်မျိုး)ကို ဒုက္ခါ ပဋိပဒါ ဒန္ဓာ ဘိညာ ဟူ၍ ခေါ်၏။

ထိုအမြတ်စား အညံ့စား အကျင့်နှစ်ပါးဖြင့် နိဗ္ဗာန်တည်းဟူသော
တဖက်ကမ်းသို့ ရောက်ဆိုက်ရာမှာလည်း မဂ်ဥာဏ်တစ်ခုတည်းဖြင့်
နိဗ္ဗာန်သို့ နှစ်ကြိမ် နှစ်ခါ မရောက်ကောင်းချေ။(မဂ်ဥာဏ်သည်
တစ်ကြိမ်ဖြစ်လိုက်လျှင်ပင် မိမိ ပယ်ရမည့် ကိလေသာကို အပြီးသတ်
ပယ်သောကြောင့် နောက်ထပ် တစ်ဖန် ထိုခန္ဓာ သန္တာန်မှာ ဖြစ်ရိုးမရှိသဖြင့်
မဂ်ဥာဏ် တစ်ခုတည်းဖြင့် နိဗ္ဗာန်သို့  နှစ်ကြိမ်နှစ်ခေါက် မရောက်ကောင်းချေ
ဟု ဟောတော်မူခြင်းဖြစ်သည်။

(မဟာဗုဒ္ဓ၀င် ဒုတိယတွဲ စာမျက်နှာ-၄၈၉)
……..
အမြတ်စားဖြင့်သော်လည်းကောင်း၊ အညံ့စားဖြင့်သော်လည်းကောင်း၊
မဂ်ဥာဏ်သို့ ဆိုက်ရောက်ခြင်းသည် ကြီးစွာသောအကျိုးဖြစ်၏။
ထိုမဂ်ဥာဏ်သို့ဆိုက်ရောက်ခြင်းငှါ ကြီးစွာသော ၀ီရိယ ဖြင့်
ကြိုးစားအားထုတ်ခြင်းသည် ဖြစ်ကြပါစေ။


                           *****တတိယမြောက်သမီးတော်*****

သာကီဝင် မင်းသားတို့ ၏ နိဝါတ မင်္ဂလာ

$
0
0

(၁)ဘဒ္ဒိယ သာကီဝင်မင်း
(၂)အနုရုဒ္ဓမင်းသား
(၃)အာနန္ဒာမင်းသား
(၄)ဘဂုမင်းသား
(၅)ကိမိလ မင်းသား
(၆)ဒေ၀ဒတ္တမင်းသား
 
ဤ ခြောက်ဦးတို့ သည် ဥပါလိ ဆတ္တာသည်နှင့်တကွ နတ်၏စည်းစိမ်ကို
ခံစားကြသည့်နတ်သားများပမာ ခုနှစ်ရက်တိုင်အောင် လူ၏စည်းစိမ်ကို
ဝလင်မြိန်ရှက်စွာခံစားကြပြီးလျှင် အပျော်အပါး ဥယျာဉ်ကစားထွက်ကြသည့်
အသွင်ဖြင့် ဆင်တပ် ၊မြင်းတပ် ၊ ရထားတပ် ၊ ခြေလျှင်တပ် ၊တည်း ဟူသော
အင်္ဂါလေးပါးရှိသည့် စစ်တပ်ကြီး ဖြင့် နေပြည်တော်မှ ထွက်ခဲ့ကြ၍ တိုင်းတစ်ပါး
 မလ္လတိုင်း နယ်စပ်သို့  ရောက်လတ်သော် အမိန့် အာဏာဖြင့် စစ်တပ်ကြီးကို
ပြန်လွှတ်လိုက်ကြသည်။

သာကီဝင်မင်းသားခြောက်ယောက်တို့ သည် ဥပါလိ ဆတ္တာသည်ကို
အတူတကွ ခေါ်ဆောင်လာပြီးနောက် မြတ်စွာဘုရားသီတင်းသုံးတော်မူရာ
အနုပိယ မည်သော သရက်ပင်စဉ် ဥယျာဉ်တောသို့ သွားရောက်ကြပြီး
မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးကြ၍ အပြစ်ခြောက်ပါး ကင်းလွတ်ရာ
အရပ်`၌ ထိုင်ပြီးသော်
“ ဘုန်းတော်ကြီးသော မြတ်စွာဘုရား အကျွန်ုပ်တို့  သာကီဝင်များသည်
ဇာတိမာန်ဖြင့် ခက်ထန်တင်းမာကြပါကုန်၏။ ဘုန်းတော်ကြီးသော မြတ်စွာ
ဘုရား….ဤ ဥပါလိ ဆတ္တာသည်သည် ရှည်မြင့်စွာသော ကာလကပင်
အကျွန်ုပ်တို့ ၏ ကျေးကျွန် ဖြစ်ခဲ့ပါသည်။ ဘုန်းတော်ကြီးသော မြတ်စွာ
ဘုရားသည် ဤ ဥပါလိ ဆတ္တာသည်ကို ရှေးဦးစွာ ရဟန်းပြုပေးတော်မူ
စေချင်ပါသည်။ ယင်းသို့ ဥပါလိကို ရှေးဦးစွာ ရဟန်းပြုပေးတော်မူသည်ရှိသော်
အကျွန်ုပ်တို့ သည် ဤ ဥပါလိ ရဟန်းကို ရှိခိုးခြင်း ၊ ခရီး ဦးကြိုပြုခြင်း ၊
လက်အုပ်ချီခြင်း ၊ အရိုအသေပြုခြင်း အမှုများကို ပြုလုပ်ကြရပါလိမ့်မည်။
ဤသို့ ပြုလုပ်ကြရသည်ရှိသော် တပည့်တော်တို့ သာကီဝင်မင်းသား
ရဟန်းများ၏ ကြီးမားခက်ထန် သာကီယ ဇာတိမာန်သည် ကျိုးနွံခြင်းသို့ 
ရောက်ပါလိမ့်မည်” ဟူ၍ လျှောက်ထားလေကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် သာကီဝင်မင်းသားတို့  လျှောက်ထား
တောင်းပန်သည့်အတိုင်း ဥပါလိ ဆတ္တာသည်ကို ရှေးဦးစွာ ရဟန်း
ပြုစေပြီးနောက်မှ သာကီဝင်မင်းသား ခြောက်ဦးတို့ ကို ရှင်ရဟန်း
ပြုစေတော်မူလေ၏။

(မဟာဗုဒ္ဓ၀င်  တတိယတွဲ   စာမျက်နှာ…၁၅၇)

……………………………..
မြတ်စွာဘုရားရှင်၏ မင်္ဂလာ တရား (၃၈)ပါးတွင် နိဝါတ သည် မင်္ဂလာ တစ်ပါးဖြစ်သည်။
မိမိကိုယ်ကို မောက်မာ သမှု မပြုပဲ နှိမ်ချခြင်းသည် မင်္ဂလာ တစ်ပါးဖြစ်သည်ဟု ပါရှိသည်။
သာကီဝင်မင်းသားခြောက်ယောက်တို့ သည် မြတ်စွာဘုရား၏ တပည့်သား သာဝက များ
အဖြစ်ကို ခံယူရာ၌ မင်္ဂလာ တရားနှင့်ပြည့်စုံခဲ့ကြသည်။မင်းသား ခြောက်ယောက်နှင့်
ဆတ္တာသည်  ပေါင်း ခုနစ်ယောက်တို့ သည် ဘုရားရှင်ထံပါး ရဟန်းအဖြစ်ကို ခံယူပြီး
တရားအားထုတ်ရာ၌ ဒေ၀ဒတ္တ မင်းသားမှလွဲ၍ အားလုံး အရိယာများ ဖြစ်ကြလေ၏။

ထို့ ကြောင့် တရားအားထုတ်သူများသည် မာန်မာန မထားပဲ မိမိ ခန္ဓာ အရှိကို ဥာဏ်ဖြင့်
သိမြင်နိုင်ရန် အတွက်သာ ရှေ့ ရှု ဦးတည်လျှက် ကြိုးစားအားထုတ်သင့်ပါသည်။
ငါက ဘာမို့ လို့  ညာမို့ လို့  စသည့် စိတ်ကြီးဝင်နေခြင်းသည် တရားအားထုတ်မည့်သူ
များ သတိထားဆင်ခြင်ရမည့်အရေးကြီးသော အချက် ဖြစ်သည်။ တရားစခန်းဝင်ပြီး
တရားအားထုတ်ရန် သွားပါလျှက် စိတ်ကြီးဝင်နေခြင်းများမလျှော့ပါက တရား
အားထုတ်သူ မဟုတ်နိင်တော့ မတရား စိတ်မွေးသူသာဖြစ်ပေမည်။

မင်္ဂလာ တရားနှင့်ပြည့်စုံ၍ ခန္ဓာ အရှိကို ဥာဏ်အသိဖြင့် ကိုက်ညီအောင်
ကြိုးစားအားထုတ်နိုင်သူများဖြစ်ကြပါစေ။




                        ***** တတိယမြောက်သမီးတော်*****

ဒုက္ခ လှလှ

$
0
0

                                               ဒုက္ခကို ဒုက္ခမှန်း
                                            မသိတဲ့သူတွေရော
                                          သိပြီးသူ တစ်ချို့ ရော
                                     လှတယ်လို့ မှတ်ယူကြတယ်။

                                                 ကိုယ့်ခန္ဓာ
                                               ဒုက္ခသစ္စာကို
                                               တစ်ခြားခန္ဓာ
                                          ဒုက္ခသစ္စာနဲ့ပေါင်းပြီး
                                          ဒုက္ခ လှလှလေးကို
                                       ရအောင် ကြိုးစားကြတယ်။

                              ဒုက္ခတွေ ဘယ်လောက်များချိုမြိန်ခဲ့သလဲ
                                   သား ဒုက္ခ သမီး ဒုက္ခလေးတွေကို
                              လိုက်ပွဲ အဖြစ် ထပ်မှာလိုက်ကြသေးတယ်။

                               ဒုက္ခ လှလှ ကြီး နဲ့  ချိုမြိန်နေလိုက်ကြတာ
                                        အားကျစရာပါလားလို့ 
                                  မက်မက်မောမော လိုချင်လိုက်ကြတာ။

                                           သံသရာရေ
                                                 ငါ့ကို…………
                                                    ဒုက္ခ လှလှလေး တစ်ပွဲလောက်ပေးပါ
                                                              အဆုံးမသတ်နိုင်သေးတဲ့
                                                                      ခရီးရှည်ရှည်မှာ
                                                                         မပဋာ လို့ 
                                                                               မြေလူးပြီး ငိုချင်သေးလို့ …။

   

                                                                               *****တတိယမြောက်သမီးတော်*****

တန်ဖိုးရှိ၍ မြင့်မြတ်သောလူ

$
0
0

အသိတရားသည် လူတွင်မက  တိရိစ္ဆာန်များတွင်လည်းရှိကြသည်။
သူ့ ကျေးဇူးကို သိတတ်သည့်တိရိစ္ဆာန်များ။  မိမိရင်သွေးများကို အစာရှာ
ကျွေးမွေးကြသော တိရိစ္ဆာန်များသည် အသိရှိကြသည့်သဘောပင်ဖြစ်သည်။


လူသည် တိရိစ္ဆာန် ထက် သာလွန်မြင့်မြတ်သော အသိတရား ရှိနိုင်၏။
ရှိအောင်လည်း အားထုတ်နိုင်၏။လူဖြစ်ခွင့်ရခြင်းသည် ဒါန သီလ တို့ ၏
ထောက်ပံ့မှုကြောင့် သုဂတိ ဘုံသို့ ရောက်ရခြင်းဖြစ်သည်။ သို့ သော်
အသိတရားရှိအောင် အားမထုတ်သူသည် တိရိစ္ဆာန် နှင့် မခြားသော
အသိတရားဖြင့် ရှင်သန်ကြသည်။စားမှု အိပ်မှု ကာမဂုဏ် ခံစားမှုတို့ ဖြင့်သာ
အချိန်ကို ကုန်လွန်စေတတ်သူသည်  တိရိစ္ဆာန်နှင့် မခြားသူသာဖြစ်သည်။

တန်ဖိုးရှိ၍ မြင့်မြတ်သောလူသည် ပညာဖြင့် အသက်မွေးသူဖြစ်သည်။
မျိုးရိုးမြင့်မြတ်ခြင်း ရာထူးဂုဏ်သိန် ကြီးကျယ်ခြင်း ပစ္စည်းဥစ္စာ အခြွေအရံ
ပေါများခြင်း ဘုန်းကံကြီးမား၍ သြဇာ အရှိန်အ၀ါ ကြီးကျယ်ခြင်းများသည်
အတုအယောင်ချမ်းသာခြင်းများဖြစ်ပြီး ထိုထို ပြည့်စုံခြင်းများနှင့် ပြည့်စုံသူကို
တန်ဖိုးရှိ၍ မြင့်မြတ်သူ ဟု မခေါ်ဆိုနိုင်ပေ။

မျိုးရိုးမြင့်မြတ်သည်ဟု ခေါ်တွင်သော ရှင်ဘုရင် ပင် ဖြစ်လင့်ကစား
စိတ်ထားယုတ်မာသူသည် ယုတ်မာသူသာဖြစ်သည် မြင့်မြတ်သူ မဟုတ်ချေ။
ရာထူးဂုဏ်သိန် ကြီးကျယ်၍ ပစ္စည်းဥစ္စာ အခြွေအရံ ပေါများပြည့်စုံသော်လည်း
မေတ္တာ ကရုဏာ တရား နှင့်ဆန့် ကျင်သည့် နေထိုင်ပြုမှုခြင်းများရှိပါက
သီလ စောင့်ထိန်းမှု ချို့ တဲ့ပါက မြင့်မြတ်သူ မဟုတ်ချေ။ ဘုန်းကံကြီးမား၍
သြဇာ အရှိန်အ၀ါ ကြီးကျယ် သော်လည်း စင်ကြယ်သောစိတ်ကို မဆောက်တည်
နိုင်ပါက မြင့်မြတ်သော သူ မဟုတ်ချေ။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး သက်တော်ထင်ရှားရှိစဉ်ကပင်
ထင်ရှားသော ဗုဒ္ဓ၀င်များကို လေ့လာနှိုင်းယှဉ်သိမြင်နိုင်ကြပေလိမ့်မည်။
ရှင်ဘုရင်သည်၎င်း။ ဒွန်းစဏ္ဍားသည်၎င်း။ မိဖုရားသည်၎င်း။ ပြည့်တန်ဆာမ သည်၎င်း။
ကုသိုလ် အကုသိုလ်၏ အကျိုးပေး ကြောင့် ဘ၀ နေထိုင်မှု အဆင့်အတန်းခြင်း
 မတူညီပေ။ ဆင်းရဲ ယုတ်ညံသော ဘ၀နေထိုင်မှု ။ချမ်းသာပြည့်စုံသော
ဘ၀ နေထိုင်မှု များ ကွဲပြားခြားနား ကြသည်။

သို့သော်လည်း စေတီတည်ထိုက်သော တန်ဖိုးရှိသည့် ပုဂ္ဂိုလ်များသည်
ဘ၀ နေထိုင်မှု နှင့်မသက်ဆိုင်တော့ပဲ အသိတရားမြင့်မားခြင်းနှင့်သာ သက်ဆိုင်
တော့သည်။  စေတီတည်ထိုက်သော ပုဂ္ဂိုလ်သည် မြင့်မြတ်သော တန်ဖိုးရှိသော
ပုဂ္ဂိုလ်များဖြစ်ကြသည်။

အဘယ်ပုဂ္ဂိုလ်တို့ နည်း
စေတီ တည်ထိုက်သော ပုဂ္ဂိုလ်(၄)မျိုး
(၁) အရဟံ ဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားသခင်ကို
စေတီ တည်ထိုက်၏။
(၂)ပစ္စေက ဗုဒ္ဓါကို စေတီတည်ထိုက်၏။
(၃)မြတ်စွာဘုရား၏ သာဝက(အရိယာ)ကို စေတီ တည်ထိုက်၏။
(၄)စကြ၀တေးမင်းကို စေတီတည်ထိုက်၏။

ဖေါ်ပြပါ (၁) (၂)သည် အားလုံးသိပြီးဖြစ်ပါမည်။
(၃)မြတ်စွာဘုရား၏ သာဝက(အရိယာ)ကိုစေတီတည်ထိုက်၏ ဆိုသော
အချက်အတွက် မဟာဗုဒ္ဓ၀င် ပဉ္စမတွဲ စာမျက်နှာ(၄၄၄)တွင် ဖေါ်ပြထားသည်ကို
ရေးသားမျှဝေပါမည်။
“ ချစ်သား အာနန္ဒာ….အဘယ်သို့ သော အကျိုးထူးကို စွဲ၍
မြတ်စွာဘုရား၏ တပည့် သာဝက (အရိယာ)ကို စေတီတည်ထိုက်သနည်း
ဟူမူကား………ချစ်သား အာနန္ဒာ..  “ဤ စေတီသည်ကား
အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓ ဂုဏ်ရှင် ထိုဘုရားသခင် တပည့် သာဝက
အရိယာ၏ စေတီတော်တည်း” ဟု လူအများတို့ သည် မိမိ စိတ်ကို
သဒ္ဓါရွှန်းစို ကြည်ညိုစေကြကုန်၏။ ထိုလူတို့ သည် ထိုစေတီတော်၌
သဒ္ဓါရွှန်းစို ကြည်ညိုကြပြီးသော် ကိုယ်ခန္ဓာ ပြတ်ကြွေ စုတေ သည်မှ
နောက်၌  ကောင်းသော လားရာ နတ်ရွာသို့ ရောက်ရကုန်၏။…….
ချစ်သားအာနန္ဒာ…..ဤ အကျိုးထူးကို စွဲ၍ မြတ်စွာဘုရား၏ တပည့်
သာဝက အရိယာကို စေတီတည်ထိုက်၏။
ဤသို့  မြတ်စွာဘုရားသည် မိန့် တော်မူခဲ့လေသည်။

ထို့ ကြောင့် တန်ဖိုးရှိ၍ မြင့်မြတ်သောသူသည် ဘ၀ နေထိုင်မှု အဆင့်အတန်းနှင့်
လုံးဝ မသက်ဆိုင်။ မိမိ ၏ အသိတရား မြင့်မြတ်ခြင်းနှင့်သာ သက်ဆိုင်သည်။

မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ် အချိန်က တန်ဖိုးရှိ၍ မြင့်မြတ်သူနှင့်
မြင့်မြတ်ခြင်းတို့ ကင်းကွာလျှက် တန်ဖိုးမဲ့သောသူများစွာကို လေ့လာတွေ့ ရှိနိုင်သည်။

ယသော်ဓရာ၏ ဖခင် ဘုရင် သုပ္ပဗုဒ္ဓသည် ရှင်ဘုရင်ပင် ဖြစ်လင့်ကစား တန်ဖိုးရှိခြင်း
မြင့်မြတ်ခြင်းကို နားမလည်သည့်အတွက်  မဟာလူသား မြတ်ဘုရားကို ဆဲရေးတိုင်း
ထွာပြောဆိုခဲ့သည်။ထို့ သည့် အကျိုးပေးသည် (၇)ရက် အတွင်း မြေမျိုခံလိုက်ရသည်။
လူခြင်းတူသော်လည်း တန်ဖိုးရှိခြင်း မြင့်မြတ်ခြင်း မတူညီပေ။ မြတ်စွာဘုရားသည် လူသား
စင်စစ်ပင်ဖြစ်သည်။ လူများ အဟာရ သုံးဆောင်သလို သုံးဆောင်ရသည်သာ။
လူများ ကျင်ကြီးကျင်ငယ်စွန့် သကဲ့သို့  စွန့်ရသည်သာ။ သို့ သော် ပါရမီတော်တို့ နှင့်
ကျင့်ကြံအားထုတ်မှု အသိတရား ဥာဏ်အားတို့ သည် သာမာန်လူသားတို့ နှိုင်းယှဉ်
တုပြိုင်နိုင်စရာမရှိအောင် မြင့်မြတ် ပြည့်စုံသူ မဟာလူသားဖြစ်သည်။ လူချင်း တူတူပဲ ဟု
နှိုင်းယှဉ် ပြောစရာဆို၍ ခန္ဓာ နှိပ်စက်ခြင်းကိုခံရတာခြင်း တူတာပဲ ရှိသည်။
ဘုရားရှင်သည်လည်း လူ့ ခန္ဓာ နှင့်မို့  နာမှု ကျင်မှု ထုံမှု ကိုက်ခဲမှု တို့ သည် အစဉ်မပြတ်
နှိပ်စက်ခံရသည်သာဖြစ်သည်။ ထို့ အတွက်ကြောင့်တော့ လူချင်းတူတူဟူ၍
မနှိုင်းယှဉ်ကောင်းချေ။အတုမရှိ တန်ဖိုးရှိသော  အတုမရှိမြင့်မြတ်သော
ဘုန်းတော် အနန။္တ ဥာဏ်တော် အနန။္တ တန်ခိုးတော် အနန္တ နှင့် မဟာလူသား။
ထို့ မဟာလူသားကို မဟာလူသားမှန်းမသိ။ ငါ့သမီး နဲ့ မြေးလေး လူပုံအလယ်
မျက်နှာငယ်အောင် ထားခဲ့ရက်တဲ့ သမက်ဟု  သမီးခင် မြေးခင်သောစိတ်ဖြင့်
ယုတ်ရင်းကြမ်းတမ်းစွာ ဆဲရေးတိုင်းထွာခဲ့သော သုပ္ပဗုဒ္ဓဆိုသည့် ရေမြေ့ အရှင်
ဘုရင်မင်းကြီး မြေမျိုခံရသည့်အဖြစ်။လူ ဖြစ်သော်လည်း တန်ဖိုးမရှိ အသိတရား
မရှိသည့်အတွက်  တန်ဖိုးရှိသည့်အရာကို တန်ဖိုးရှိမှန်းမသိလေသောကြောင့်
ပေါက်ကရပြော ပေါက်ကရလုပ် ငါရှင်ဘုရင် လုပ်ချင်ရာလုပ်လို့ ရသည်ဟု အထင်နှင့်
ထင်ရာစိုင်း ကာ ရိုင်းလိုက်သည့်အဖြစ် မြေမျိုခံရသည့် အပြင် အ၀ီစိတွင် ငရဲခံ
နေရလေပြီ။

နောက်ထပ်တစ်ဦး သုပ္ပဗုဒ္ဓ။ သူတောင်းစား  လမ်းဘေးတွင်နေ လမ်းဘေးတွင် စား
လူဖြစ်သော်လည်း လူလို သူလို ကောင်းစားသော ဘ၀ မဟုတ်။ရှင်ဘုရင် သုပ္ပဗုဒ္ဓ ၏
ဘ၀ အဆင့်အတန်းနှင့် ဘာမျှ မဆိုင်။ သူများကျွေးမှ ပေးမှ ကမ်းမှ စားရသောက်ရ
သောဘ၀ စားကြွင်း စားကျန်ကိုစား။ စွန့် ပစ် အစားအသောက်ကိုစားပြီး အသက်ရှင်
နေရသူ။
ဘုရားရှင်၏ တရားပွဲ နှင့် ကြုံရသခိုက် လူကြားသွား၍ တရားပင် မနာရဲရှာ။
အစွန်အဖျားမှာနေ၍ ဘုရားရှင်၏ တရားတော်များနာကြာရင်း  နား က တရားနာ
ဥာဏ်က ခန္ဓာလှည့်။ အဖြစ် အပျက် မဂ် ကိုက်ညီ၍  သောတာပန် အရိယာ စင်စစ်
သစ္စာသိသူဖြစ်ခဲ့လေသည်။ မြင့်မြတ်သော တန်ဖိုးရှိသော ဘုရားရှင် သားတော်အစစ်
ရတနာတစ်ပါး    စေတီတည်ထိုက်သောပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ လူက သူတောင်းစား။
နှလုံးသားက ဘုရားတည်။ မြင့်မြတ်သည့်ဘ၀  တန်ဖိုးရှိသည့် ဘ၀ပိုင်ရှင်။
ရှင်ဘုရင် နှင့် သူတောင်းစား ဘ၀ နေထိုင်မှုက ခြားမှ ခြား။ သို့ သော် မြင့်မြတ်ခြင်း
တန်ဖိုးရှိခြင်းများကတော့ ဆန့်ကျင်ဘက်။ သူတောင်းစားက နိဗ္ဗာန် ကို မျက်မှောက်ပြုပြီး။
ရှင်ဘုရင်က အ၀ီစိရောက်လေသည်။

မိဖုရား မာဂဏ္ဍီ ။ဘုရင် ဥတေန ၏ အချစ်တွေကို တစ်ဦးတည်းသိမ်းပိုက်လိုသဖြင့်
မြင့်မြတ်သော သောတာပန် အရိယာ သာမာဝတီကို အကောက်ကြံ
မီးရှို့ သတ်လိုက်သည့် အကျိုးပေးက လက်ငင်းဘ၀တွင်ပင်ထင်ရှားလွန်းလှသည်။
ဘုရားရှင်ကိုလည်း အငြိုးအတေးထားခဲ့သူ။ ဘ၀နေမှု အဆင့်အတန်းက မိဖုရား
မြင့်မြတ်တန်ဖိုးရှိသူ ဘုရားရှင်နှင့် ဘုရားရှင်၏ သာဝက ကိုမှ ပြစ်မှားစော်ကားမိ
သည့်အဖြစ်။ အပြစ်ကိုခံယူရာ၌ တစ်ဦးတည်းမဟုတ် တစ်ဆွေလုံးတစ်မျိုးလုံး။
မြင့်မြတ်ခြင်း တန်ဖိုးရှိခြင်းကိုလည်းမသိ။ မိမိကိုယ်ကို မြင့်မြတ်အောင် တန်ဖိုးရှိအောင်
လည်းမကြိုးစားပဲ အောက်တန်းစားစိတ်ဓါတ်  လွန်စွာယုတ်ညံ့ခြင်းကြောင့် အရှင်လတ်
လတ် ငရဲခံခဲ့ရရှာသည်။

နောက်တစ်ဦး ပြည့်တန်ဆာမ  သီရိမာ
ဘ၀ နေထိုင်မှု အဆင့်အတန်းက လူတကာကို ဖျော်ဖြေတင်ဆက်ရသည့်ဘ၀။
ရွံရှာဖွယ်ကောင်းလှသည်။ သို့ သော် သစ္စာတရားကိုနာကြား ခန္ဓာပေါ် ဥာဏ်ရောက်
သစ္စာသိအောင် အားထုတ်လိုက်တော့ သာဝက စင်စစ် အရိယာဖြစ်ခဲ့သည်။

မာဂဏ္ဍီ မိဖုရားနှင့် သီရိမာ ပြည့်တန်ဆာမ ဘ၀နေထိုင်မှု အဆင့်အတန်းခြင်း
ဘာမှ မဆိုင် ။ မိဖုရားသည် တိုင်းပြည်တွင်အဆင့်မြင့်သောမိခင်နေရာ နေရသူ.။
ပြည့်တန်ဆာမ သည် ယုတ်ညံသောဘ၀ဖြင့်အသက်မွေးရသူ။
သို့သော် မြင့်မြတ်ခြင်းတန်ဖိုးရှိခြင်းများကတော့ နှိုင်းယှဉ်၍ မရအောင်
ကွာခြားသွားသည်။အသိတရား ဥာဏ်စွမ်းအားက တန်ဖိုးရှိရာကိုသွားသူသည်
တန်ဖိုးရှိပြီး တန်ဖိုးမဲ့ရာကိုသွားသူသည် တန်ဖိုးမဲ့ရပြီ။

ပြည့်တန်ဆာမသည် စေတီတည်ထိုက်သူ ဘုရားရှင်၏တပည့် အရိယာ သာဝက
ဖြစ်ခဲ့ပြီး.။မိဖုရားသည် သူ၏ အကုသိုလ် အကျိုးပေးရာအတိုင်းငရဲသားအဖြစ်သို့ 
ရောက်နေရလေပြီ။

ထို သည့်အတွက်ကြောင့်တန်ဖိုးရှိသူ မြင့်မြတ်သူကို တန်ဖိုးရှိမှန်းမြင့်မြတ်မှန်း
သိအောင် လေ့လည်းလေ့လာသင့်သည်။ တန်ဖိုးလည်းထားသင့်သည်။
မိမိကိုယ်၌ကလည်း တန်ဖိုးရှိ၍ မြင့်မြတ်သောသူဖြစ်အောင် ကြိုးစား
အားထုတ်သင့်သည်။လူချင်းအတူတူပဲဟူ၍ တန်းတူ မညှိလိုက်ပါနှင့်။
လုံးဝ မတူပါ။အသိတရားချင်း ဥာဏ်ပညာချင်း ကွာခြား၍မြင့်မြတ်တန်ဖိုးရှိခြင်း
နှိုင်းယှဉ်၍ မရသည်ကို သိထားအပ်ပါသည်။

အရိယာသူတော်စင်တစ်ဦးမဖြစ်သေးသော်လည်း ခန္ဓာ၏ဒုက္ခကိုသိလျှက်
ဖြစ်ခြင်းပျက်ခြင်းတို့ ကို ရှုမှတ်အားထုတ်နေသူသည် တန်ဖိုးရှိသူ မြင့်မြတ်သူ
ပင်ဖြစ်သည်။ အာစိဏ္ဏကံ ဖြစ်နေသူအတွက်တန်ဖိုးရှိခြင်း မြင့်မြတ်ခြင်းတို့ သည်
မချွတ်ဧကန် ဖြစ်မည်မှာ အမှန်ပင်။


ဘုရားရှင်၏တပည့် သာဝက အရိယာများအဖြစ်ကိုရောက်ရှိကြသည်ဖြစ်၍
တန်ဖိုးရှိသော မြင့်မြတ်သော စေတီတည်ထိုက်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ
ဖြစ်နိုင်ကြပါစေ။

                *****တတိယမြောက်သမီးတော်*****

ဘ၀ ကူးချိန်

$
0
0

ရှေးတုန်းက သောဏ ဆိုတဲ့လူကြီးတစ်ယောက်ရှိတယ်။
မုဆိုးကြီးတဲ့နော်။ သူက တသက်လုံး မုဆိုးလုပ်လာတာ။သူ့ မှာ သားတစ်ယောက်ရှိတယ်။
အဲ့ဒီ သားက ရဟန္တာဖြစ်နေတယ်။


ရဟန္တာဖြစ်နေတော့ အဖေကိုကယ်တင်တဲ့အနေ နဲ့ ပေါ့လေ ။ အသက်ကြီးလာတဲ့အခါကျတော့
ရဟန်းဝတ်ပေးထားတာ။ ရဟန်းဝတ်နဲ့ ပဲ သူနေတယ်။ ရောဂါဖြစ်ပြီး သေခါနီးကျတော့
ငရဲနိမိတ်တွေထင်တယ်။  ဟဲ့…သားရဲ့လုပ်ပါအုံး ခွေးနက်ကြီးလိုက်လာပြီပေါ့လေ။
ငရဲထိန်းတွေလိုက်လာတယ်။ သူအဲ့ဒီလိုနိမိတ်တွေထင်တယ်။ အဲ့ဒါ ဘာလဲဆိုရင်
အမှန်ကတော့ ဂတိ နိမိတ်ပေါ့။ အဲ့သလိုနိမိတ်ထင်လာတာ။

အဲ့သလို နိမိတ်ထင်လာတဲ့အခါကျတော့ ရဟန္တာဖြစ်တဲ့ သားဖြစ်သူ ရှင်သောဏက သိပြီ။
ငါ့ ဦးဇင်းကြီးတော့ ငရဲနိမိတ်တွေထင်ပြီ ဆိုပြီး ဘယ်လိုလုပ်သလဲဆိုတော့ သူ့ တပည့်တွေကို
ထမ်းခေါ်ခိုင်း စေတီဆီကိုယူသွားပြီးတော့ တချို့  ရဟန်းတွေကိုလည်း ပန်းခူးခိုင်းပေါ့။
ဒါနဲ့  အဲ့ဒီ ဦးဇင်းကြီးကို ပေးပြီးတော့ ကိုင်း ဦးဇင်းကြီး ဘုရားကို ပန်းလှု ဦးဇင်းကြီး ကုသိုလ်
ဆိုပြီးတော့ သူက ပန်းလှုတာ။

အဲ့ဒီလို ပန်းလှုလိုက်တဲ့အခါကျတော့ ခုန နိမိတ်ပြောင်းသွားရော။ ဂတိနိမိတ်ဟာ
နဂိုက ငရဲနိမိတ် ပေါ်ရာကနေပြီးတော့ ခု နတ်သမီး နိမိတ်တွေ ပေါ်လာပြီ။
အဲ့ဒီတော့ ဦးဇင်းကြီးကပြောတယ်တဲ့ ။ ငါ့သား မင်းမိထွေးတွေလာပြီတဲ့ ။
အဲ့ဒီလို နိမိတ်ထင်ရင်းနဲ့  သူ စုတိစိတ်ကျသွားတယ်။

နတ်ပြည်နိမိတ်ထင်နေတုန်းမှာ သူ စုတိစိတ်ကျသွားတဲ့အတွက်ကြောင့်မို့ 
နတ်ပြည်မှာသွားဖြစ်တယ်။ နတ်ပြည်မှာသွားဖြစ်တော့ သူက တသက်လုံးက
အကုသိုလ်တွေလုပ်လာခဲ့တာ မဟုတ်လား။ အဲ့ဒီတော့ သားဖြစ်သူ ရဟန္တာက
စိတ်မချဘူး။ ဟိုမှာနေလို့ ကြာကြာခံမှာ မဟုတ်ဘူးပေါ့။ အခုနေ ချက်ချင်းလုပ်လိုက်
တဲ့  ကုသိုလ်လေး အရှိန်ကြောင့်သာ ကောင်းတဲ့ဘ၀ ရောက်သွားတာကိုး။
ဒီကုသိုလ်က အားကောင်းတာမဟုတ်တော့ ကြာကြာခံမှာ မဟုတ်ဘူးဆိုပြီး
သူက နတ်ပြည်လိုက်သွားပြီးတော့ တရားဆက်ဟောတာ  တရားဆက်ဟောတော့
သောတာပန် စသည်ဖြစ်သွားတယ်။  အဲ့ဒီလိုဖြစ်မှ စိတ်အေးရတယ်။
စိတ်ချပြီးတော့ ပြန်လာတယ်။

ဒီလိုသေခါနီးမှာ ကံသော်၎င်း။ကမ္မနိမိတ်သော်၎င်း။ဂတိ နိမိတ်သော်၎င်း။ ထင်လာတယ်နော်။

အရှင်သီလာနန္ဒာဘိဝံသ



--------------


မိမိ၏ မိဘ ဆွေမျိုး အပေါင်းအသင်းများကိုလည်း ဘ၀ကူးရာ၌ ကူညီနိုင်သူဖြစ်ကြပါစေ




                           *****တတိယမြောက်သမီးတော်*****
Viewing all 56 articles
Browse latest View live